ဧရာဝတီတိုင်းမ်
မတ် ၂၁ရက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းဒေသရှိ အထက်လေညှင်းတောင် ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့်အတွက် ကလေးငယ် များအပါအဝင် ငါး ဦး သေဆုံးပြီး ကိုးဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ယနေ့ မတ်၂၁ရက် နံနက် ၈ နာရီခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့်အတွက် အထက်လေညှင်းတောင်ကျေးရွာမှ ကလေး လေးဦး ‌နှင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း ‌ဒေသခံများထံက သိရသည်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများမှာ မောင်သားထူး (၃) နှစ်၊ မောင်လင်းမြတ်ကို (၅) နှစ်၊ မအိခိုင်မွန် (၉) နှစ်၊ မခင်သန္တာ (၁၃) နှစ်၊ ဒေါ်မသိန်းယဉ် (၃၅) နှစ်တို့ဖြစ်ကြောင်း ဒေသတွင်းသတင်းများ၏ ဖော်ပြချက်များအရ သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူ ကိုးဦးမှာ မဖူးပွင့်အိမ် ၄နှစ်၊ ဒေါ်သန်းအေးတင် ၄၇နှစ်၊ မဝေမာ ၃၆နှစ်၊ ဒေါ်မညွန့်စိန် ၆၈နှစ်၊ ဒေါ်ခင်အေးမြင့် ၄၆ နှစ်၊ ဒေါ်ခင်အေးလှိုင် ၃၅ နှစ်၊ ဦးအောင်တင်မောင် ၅၇ နှစ်၊ ဦးမောင်နိုင်စိုး ၃၃ နှစ် နှင့် အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် တိုင်းရင်းသားနယ်မြေများကို “တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်၍ သာရမည်။ နယ်မြေအေးချမ်းမှုမရှိအောင် လက်နက်ဆန်းများဖြင့် လေကြောင်း တိုက်ခိုက် မှုများအမြဲလုပ်ဆောင်သွားမည်” စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီမှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ဟိုင်ဂင် သဘောတူညီမှု တတိယအကြိမ် ဆွေးနွေးပွဲတွင် ပြောဆိုထားသည်။

၎င်းတို့ပြောဆိုချက်အတိုင်း စစ်ကောင်စီက AA သိမ်းပိုက်ထားသည့် မြို့များကို နေ့စဉ်နီးပါး အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ ဗုံးကြဲ တိုက်ခိုက်လျက်ရှိသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် မတ် ၁၅ ရက်နေ့ကလည်း မြောက်ဦးမြို့နယ် ပုရိန်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်သည့်အတွက် တစ်ဦးသေဆုံးကာ ကလေးငယ်နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး မတ် ၁၆ ရက်နေ့ကလက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် မတ် ၁၇ရက်နေ့ နံနက် ၅နာရီခန့်က မြောက်ဦးကုသည်တန်းရပ်ကွက်၊ နန်းရာကုန်းအနီးတဝိုက်၊ တောင်ရပ်ခွဆုံ၊ ဘားဘူတောင်နှင့် ကြက်လျှာကျွန်း ရပ်ကွက် တို့ကို ပေါင် ၅၀၀ဗုံးများ ကြဲချခဲ့ရာ ကြက်လျှာကျွန်း ရပ်ကွက်မှ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

ရက္ခိုင့်တပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့ကိုလည်း ပြီးခဲ့သည့် မတ် ၁၈ ရက်နေ့က ဂျက်လေယာဉ်ဖြင့် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သာဒေမူဆလင်ကျေးရွာအတွင်း ဗုံးသီးများကျရောက်ပေါက်ကွဲပြီး စစ်ရှောင်ပြည်သူ ၂၃ ဦးသေဆုံးကာ ၃၃ ဦး ဒဏ်ရာရရှိခဲ့သည်။

ဓာတ်ပုံ- Development media group
ပုံစာ- ယနေ့ မတ် ၂၁ရက်နေ့ မြောက်ဦးမြို့နယ်ကို စစ်ကောင်စီ ဗုံးကြဲချအပြီး ထိခိုက်သေဆုံးကြသည့် ဒေသခံများ
#မြောက်ဦး #အထက်လေညှင်းတောင်ရွာ #စစ်ကောင်စီ #ဗုံးကြဲတိုက်ခိုက် #ကလေးငယ်များ #ထိခိုက်သေဆုံး #Ayeyarwaddy_Times