
ဧရာဝတီတိုင်းမ်
မတ် ၂၁ ရက်
နိုင်ငံခြားငွေများကိုဟန်ပြရောင်းချနေသည့် စစ်ကောင်စီ၏ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ငွေကြေးဈေးကွက်အတွင်း တရားဝင်လဲလှယ်ပေးနေသူများကို အရေးယူနေကြောင်း သိရသည်။
ယခုမတ်လအတွင်း နိုင်ငံခြားငွေရောင်းချရာတွင် ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်များကို Online Trading Platform မှတဆင့် အမေရိကန်ဒေါ်လာ ၁၅ သန်း ၊ ထိုင်းဘတ် ၂၇၂ သန်းနှင့် တရုတ်ယွမ် ၇ သန်းရောင်းချပေးကြောင်း ဗဟိုဘဏ်ကထုတ်ပြန်သည်။
အဆိုပါရောင်းချငွေများ နိုင်ငံခြားငွေဈေးကွက်ထဲအမှန်တကယ်ရောက်ရှိလာခြင်းမရှိဘဲ လက်ရှိတွင် ငွေလဲနှုန်းထားများမြင့်တက်နေဆဲဖြစ်ပြီး နိုင်ငံခြားငွေလိုအပ်နေသူကို အလွယ်တကူလဲပေးနိုင်သည့် ငွေလဲကောင်တာများကို ပိတ်သိမ်းခြင်းက ဈေးကွက်ကိုပိုပျက်စီးစေကြောင်း နိုင်ငံခြားငွေလဲလုပ်ကိုင်နေသူများက ပြောကြားသည်။
“ စစ်ကောင်စီထုတ်ရောင်းတယ်ဆိုတာက အပြောပဲရှိတာ။ သူတို့ရောင်းပေးနေပါတယ်လို့ ကြေညာတာပဲရှိတာ။ သတင်းတွေမှာပါအောင် လူတွေသိအောင် သူတို့လုပ်ပေးနေပါတယ်ပေါ့။ အဲဒါပဲလိုချင်တာ။ တကယ်ဈေးကွက်ထဲ မရောက်လာဘူး။ သူတို့လူတွေလက်ထဲမှာပဲ ” ဟု နိုင်ငံခြားငွေလဲလုပ်ကိုင်နေသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဗဟိုဘဏ်သည် မတ် ၁၈ နှင့် ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသော စည်းမျဉ်း စည်းကမ်းနှင့် ညွှန်ကြားချက်များကိုလိုက်နာမှု မရှိသဖြင့်ဟု ဆိုကာ နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ပေး ခွင့်လိုင်စင်ရ ထားသော ကုမ္ပဏီငါးခုကို လိုင်စင်ရုတ်သိမ်းလိုက်ကြောင်းထုတ်ပြန်သည်။
ထို့ပြင်နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၂ ကို ဖောက်ဖျက်သည်ဟုဆိုကာ Sint Oh Dan ငွေလဲကောင်တာ (Money Changer) ကို ပုဒ်မ ၃၅ (ခ) အရ မတ် ၁၈ ရက်နေ့မှစတင်ကာ လိုင်စင် ၃ လ ဆိုင်းငံ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။
ယင်းပြင် နိုင်ငံခြားငွေများ ရောင်းချပေးနေသော်လည်း ငွေလဲလှယ်နှုန်း ကမောက်ကမဖြစ်စေရန်၊ မသမာသူအဖျက်သမားများက လူမှုကွန်ရက် Group များ၊ App များ၊ Website များမှတစ်ဆင့် မဟုတ်မမှန် လုပ်ကြံသတင်းများထုတ်ပြန်ပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်စေရန် လှုံ့ဆော်လျက်ရှိသည်ဟု ဗဟိုဘဏ်က ထုတ်ပြန်သည်။
အဆိုပါအွန်လိုင်းပေါ်ရှိ အဖွဲ့အစည်းများမှတဆင့် နိုင်ငံခြား သုံးငွေလဲလှယ်ရောင်းဝယ်ရေးလုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်ကြောင်းတွေ့ရှိရသဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က(ခ) ၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈(က)၊နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈ နှင့် ၄၂ ဖြင့်အရေးယူရန်ဆောင်ရွက်နေကြောင်း ဗဟိုဘဏ် ထုတ်ပြန်သည်။
နိုင်ငံခြားသို့ ဆေးကုသခြင်း၊ ပညာတော် သင်သွားခြင်း၊ ဘုရားဖူးသွားခြင်း၊ အလုပ်အကိုင်ကိစ္စရပ်များဖြင့် ထွက်ခွာမည့်သူများအတွက် အသေးသုံးနိုင်ငံခြားငွေများကို ပုဂ္ဂလိကဘဏ်များ၏ ငွေလဲကောင်တာများတွင် သက်ဆိုင်ရာထောက်ခံစာဖြင့် ဝယ်ယူနေရသည်။
ယမန်နှစ် ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီ၏ ဗဟိုဘဏ်သည် ထုတ်ပြန်ချက်နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကိုလိုက်နာခြင်းမရှိဟုဆိုကာ နိုင်ငံခြားငွေလဲကောင်တာ (Money Changer ) ရာနှင့်ချီ၍ လုပ်ငန်းပိတ်သိမ်းခဲ့သည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ဗဟိုဘဏ် #နိုင်ငံခြားငွေ #ဈေးကွက်အတွင်း #လဲလှယ်နေသူများ #အရေးယူ #Ayeyarwaddy_Times