အယိုက်လင်း/ဧရာဝတီတိုင်းမ်
မတ် ၂၁ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ ဒေသခံ အယောက် ၃၀ နီးပါးသည် မရာလဲန်းကာကွယ်ရေးတပ်(MDF)၏ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးထိန်းသိမ်းခံရ ကြောင်း ဒေသခံများထံက သိရသည်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်သို့ စစ်ဘေးရှောင်ရန်နှင့် ကျမ်းစာကျောင်း တက်ရောက်ရန် ကားတစ်စီးဖြင့် ထွက်ခွာသွားသည့် လူငယ်အယောက် ၃၀ နီးပါးကို ဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် (MDF)၏ စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ မတ်လ ၂၀ ရက်နေ့၊ ညနေပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခံရခြင်းဖြစ်ကြောင်း သိရသည်။

“မီဇိုရမ်ဘက်မှာ စစ်ဘေးရှောင်ဖို့ သွားတဲ့ လူငယ်တွေနဲ့ ကျမ်းစာကျောင်းတက်ဖို့ လူငယ်တွေပါ။ အကုန်လုံးက ဆမီးဘက်က လူငယ်တွေချည်းပဲ။ ဘာကြောင့် ဖမ်းသွားသလဲဆိုတာ မသိရသေးဘူး။ အဖမ်းခံရကတည်းက အဆက်သွယ်လည်း မရသေးဘူး။ အခုထိလည်း ပြန်မလွှတ်ပေးသေးဘူး။ အဖမ်းခံရတဲ့ထဲမှာ မိန်းကလေးတွေလည်းပါတော့ စိတ်ပူရတယ်” ဟု ဖမ်းဆီးခံရသည့် မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးထိန်းသိမ်းခံရသည့် လူငယ်များသည် ဆမီးမြို့ရှိ ကျေးရွာ လေးရွာမှ လူငယ်များဖြစ်ပြီး ၎င်းတို့ထဲတွင် မိန်းကလေးများနှင့် အသက်မပြည့်သေးသည့် လူငယ်အချို့လည်း ပါဝင်နေ၍ မိသားစုဝင်များက စိုးရိမ်လျှက်ရှိကြောင်း သိရသည်။

အဆိုပါ ဆမီးဒေသခံ လူငယ်များ ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ပတ်သက်၍ မြေပြင်တပ်ရင်း၊ တပ်ဖွဲ့ထံက သတင်းအချက်လက်များ မသိရှိရသေးကြောင်းနှင့် MDF အနေဖြင့် အပြစ်မဲ့အရပ်သားများကို ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်ခြင်းမရှိကြောင်း MDF ၏ ကာကွယ်ရေးအတွင်းရေးမှူး က ပြောကြားသည်။

“ကျွန်တော်တို့ MDF တပ်ဖွဲ့က အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးတာတွေ မရှိခဲ့ဖူးဘူး။ အခုသတင်းကလည်း မြေပြင်နဲ့ အဆက်သွယ်မရသေးဘူး။ ဒါကြောင့် ကျွန်တော်အနေနဲ့လည်း မသိရသေးဘူး။ ပြီးခဲ့တဲ့ လိုင်လင်းပီဖြစ်စဥ်က ပါဆင်းရွာသား နှစ်ဦးကိုတော့ ကျွန်တော်တို့ MDF တပ်ဖွဲ့က ဖမ်းတာ ဟုတ်ပါတယ်။ သူက CNA ၊ CDF တွေကို ကျွန်တော်တို့ရဲ့ စစ်ရေးလှုပ်ရှားမှုကို သတင်းပေးတယ်။ ကျွန်တော်တို့က ခိုင်လှုံတဲ့ သက်သေအထောက်ထားနဲ့ ဝင်ဖမ်းဆီးတာဖြစ်တယ်”ဟု ကာကွယ်ရေးအတွင်းရေးမှူး ဒူဝန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

မရာလဲန်းကာကွယ်ရေးတပ်(MDF)သည် ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့က မတူပီခရိုင်၊ လိုင်လင်းပီမြို့ ပါဆင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ညီဖြစ်သူတို့ကို ဖမ်းဆီးခဲ့ပြီး ထိုသို့ဖမ်းဆီးခြင်းမှာ ၎င်းတို့၏ စစ်ရေးလှုပ်ရှားမှုများကို CNA၊CDF ထံ နေ့စဥ်သတင်းပေးပို့ကြောင်း ခိုင်လှုံသည့် သက်သေအထောက်ထားများနှင့် ဖမ်းဆီး ထိန်းသိမ်းခြင်းဖြစ်ကြောင်း MDF က ဆိုထားသည်။

#မီဇိုရမ် #ဆမီးမြို့ဒေသခံ၃၀နီးပါး #MDFစစ်ဆေးရေးဂိတ် #ဖမ်းဆီးခံရ #Ayeyarwaddy_Times