မြရာ/ဧရာ၀တီတိုင်းမ်
မတ် ၂၁ ရက်

စစ်တပ်ထောက်ခံအားပေးပြီး စစ်ကောင်စီဝါဒဖြန့် သတင်းများကို ရေးသားဖော်ပြသူ PEOPLE Media အယ်ဒီတာချုပ် ကိုကျော်စိုးဦးကို ပြီးခဲ့သည့် မတ် ၁၉ ရက်နေ့တွင် စစ်ကောင်စီက ၎င်းနေထိုင်ရာရုံးခန်း၌ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

စစ်ကောင်စီသည် ပြည်ထဲရေး၀န်ကြီးဌာနနှင့် ၎င်းတို့ကို ဝေဖန်သည်ဟုဆိုကာ နေပြည်တော်ရှိ PEOPLE Media ရုံးခန်းသို့ လာရောက်၍ ကိုကျော်စိုးဦးကို လာရောက်ဖမ်းဆီးသွားပြီး ယနေ့ မတ် ၂၁ ရက်နေ့တွင် နေပြည်တော် အချုပ်ထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ကိုကျော်စိုးဦးသည် ဖမ်းဆီးမခံရခင် ဆွမ်ဘရာဘွမ်တွင်သေဆုံးသွားသည့် ရဲအုပ်ကိစ္စနှင့်ပတ်သက်ပြီး ပြည်ထဲရေး၀န်ကြီးဌာနကို ပြင်းပြင်းထန်ထန်ဝေဖန်ပြီးနောက် ယင်းသို့ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူများထံက သိရသည်။

“ဖမ်းခံရတာ ဟုတ်ပါတယ်။ ဒီနေ့ရုံးထုတ်တာ။ ပုဒ်မ ကတော့ ၅၀၅(က) နဲ့။ ဘယ်ပို့စ်နဲ့ ငြိသွားတယ်တော့ မသိရသေးဘူး။ လုပ်စရာရှိတာတွေတော့ မိသားစုဘက် ကလိုက်လုပ်နေပါတယ်”ဟု မိသားစု၀င်နှင့် နီးစပ်သူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

၎င်းကို ပြည်ထဲရေး၀န်ကြီးဌာနမှ ရဲအရာရှိတစ်ဦးက တရားလိုပြုလုပ်၍ ဆူပူစေရန် သွေးထိုးလှုံ့ဆော်မှု ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်ပြီး ရဲအုပ်နှင့်ပတ်သက်သည့် ကိစ္စရပ်များအပြင် နေပြည်တော်ရှိ လောင်းကစားဝိုင်းများကို ပြည်ထဲရေး၀န်ကြီး ဌာနကလျစ်လျူကာ လာဘ်ပေး လာဘ်ယူပြုလုပ်၍ လွှတ်ပေး ထားသည့်အပေါ် ဝေဖန်ပြောဆိုမှုများလည်း ပြုလုပ်ခဲ့သေးသည်။

လက်ရှိတွင် ကိုကျော်စိုးဦးကို စစ်ကြောရေးမှတစ်ဆင့် နေပြည်တော်အချုပ်ထောင်သို့ ပို့ဆောင်ထားကြောင်း ကိုကျော်စိုးဦးနှင့် နီးစပ်သူများထံက သိရသည်။

ဖမ်းဆီးခံရသူ ကိုကျော်စိုးဦးသည် စစ်အာဏာသိမ်းချိန်မှစ၍ PEOPLE Media နှင့် ၎င်း၏တယ်လီဂရမ် ချန်နယ်တို့တွင် စစ်တပ်ဝါဒဖြန့် သတင်းများကို စဉ်ဆက်မပြတ် ဖော်ပြနေသူဖြစ်ပြီး စစ်ကောင်စီက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲများတွင်လည်း ဝါဒဖြန့်လိုသည့် အကြောင်းအရာများများကို မေးမြန်း၍ စစ်ကောင်စီကို တော်လှန် နေသူများအား နှိမ်နင်းရန် လှုံ့ဆော်ရေးသား တင်ဆက် နေသူဖြစ်သည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ ဗိုလ်ချုပ်ဂွန်မော်ကပင် ကိုကျော်စိုးဦး၏ လုပ်ရပ်များကို မှတ်တမ်းတင်ထားကြောင်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခြင်း ခံရသူ တစ်ဦးဖြစ်သည်။

စစ်ကောင်စီသည် ၎င်းတို့ကို မည်မျှပင်ထောက်ခံ အားပေးစေကာမူ အနည်းငယ် ဝေဖန်သည်နှင့် မည်သူကိုမဆို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။

ပုံစာ-PEOPLE Media အယ်ဒီတာချုပ် ကိုကျော်စိုးဦး

#စစ်ကောင်စီ #အားပေး #ထောက်ခံသူ #PEOPLEMedia #ကျော်စိုးဦး #ပြည်ထဲရေး #ဝေဖန် #ဖမ်းဆီးခံရ #Ayeyarwaddy_Times