
ဧရာဝတီတိုင်းမ်
မတ် ၂၁ ရက်
ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ လက်ပံကုန်းကျေးရွာတွင် မြေးအဖွားနှစ်ဦးသာရှိသည့်အနက် မြေးဖြစ်သူသည် စစ်ကောင်စီတပ်တွင် စစ်မှုထမ်းဆောင်ရန် မဲပေါက်ကြောင်းသိရသဖြင့် အဖွားဖြစ်သူမှာ မတ်လ ၁၅ ရက်နေ့တွင် နှလုံးရပ်၍ သေဆုံး သွားကြောင်း ဒေသခံများထံက သိရသည်။
မြေးအဖွားနှစ်ဦးသာရှိသည့်အနက် မြေးဖြစ်သူ ကိုမျိုးမင်းဇော်သည်မတ်လ ၁၄ ရက်နေ့က စစ်မှုထမ်းဆောင်ရန် မဲနှိုက်ခဲ့ရာ မဲပေါက်ခဲ့ပြီး မတ်လ ၁၅ ရက်နေ့တွင် မြေးဖြစ်သူမဲပေါက်သည်ကို သိရှိကာနှလုံးရပ်၍ ချက်ချင်း သေဆုံးသွားခဲ့ကြောင်း ဒေသခံများကပြောကြားသည်။
“ကောင်လေးက မဲပေါက်တာ သူ့အဖွားကိုပြောမပြဘူး။ နောက်နေ့မှာပဲ ကောင်လေးရဲ့ အဖွားက သူ့မြေးလေး မဲပေါက်တာ ကိုသိသိချင်း heart attack ဖြစ်ပြီး သေသွားတာ။ မြေးအဖွား နှစ်ယောက်ထဲရှိတာဆိုတော့ အားငယ်သွားတာ။ အားလုံးလဲစိတ်မကောင်းဖြစ်ကြရတယ်။ ရွာကလည်း သူတို့မြေးအဖွားကို တော်တော်ချစ်ကြတာ” ဟု တွံတေးမြို့နယ်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်မှုထမ်းဆောင်ရန် မဲပေါက်သည့် ကိုမျိုးမင်းဇော်မှာ အသက် ၂၅ နှစ်ရှိပြီး အဖွားဖြစ်သူကို လုပ်ကိုင်ကျွေးမွေးနေသူဖြစ်ကာ အဖွားဖြစ်သူကို မတ်လ ၁၆ ရက်နေ့တွင် ကောင်းမွန်စွာသင်္ဂြိုဟ်ပေးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ထိုသို့ စစ်မှုထမ်းဆောင်ရန်အတွက် မဲနှိုက်ရန် ဦးဆောင် စေခိုင်းခဲ့သူမှာ လက်ပံကုန်းကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကျော်ကြီးနှင့်အဖွဲ့ဖြစ်ကြောင်း ဒေသခံများကပြောဆိုချက်အရ သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်က စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များ တစ်နိုင်ငံလုံးအနှံ့ လိုက်လံ ဝေငှခဲ့ပြီး အဆိုပါ လက်ကမ်းစာစောင်တွင် ပညာသင်ကြားနေသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ မိအိုဖအို လုပ်ကျွေးနေသူများ၊ ဆေးသူသမှုခံယူနေသူများကို ယာယီရွှေဆိုင်းခွင့်ပေးထားကြောင်း ဖော်ပြထားသည်။
အလားတူ ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်းဆောင်ရန်မဲပေါက်သူအချို့ မိမိကိုယ်ကိုယ် အဆုံးစီရင်မှုများ ရှိကြောင်း လူမှုကွန်ရက်တွင် ထွက်ပေါ်လျှက်ရှိသော်လည်း ဧရာဝတီတိုင်းမ်သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းလျှက်ရှိသည်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အတည်ပြု ထုတ်ပြန်ပြီးနောက် စစ်မှုမထမ်းလိုသည့် လူငယ်အချို့မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်များထံ ရောက်ရှိသွားကြသလို ပြည်ပထွက်ရန်အတွက် ပြင်ဆင်လာကြသူများနှင့် ထွက်ပြေးတိမ်းရှောင်သူများလည်း အများအပြား ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ တိုင်းနယ်၊ ပြည်နယ် အသီးသီးရှိ ရပ်ကွက်၊ မြို့ရွာများမှ ပြည်သူအများစုမှာလည်း စစ်မှုထမ်းရမည့်ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ စိုးရိမ်စိတ်များ နေ့စဥ်မြင့်တက်လျက် ရှိနေကြောင်းသိရသည်။
ပုံစာ- စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို တွံတေးမြို့နယ်အတွင်း မတ်လ ၁၃နေ့က တွေ့ရစဉ်၊
ဖေဖော်ဝါရီနောက်ဆုံးပတ်က ရန်ကုန်မြို့ပေါ်တွင် စစ်ကောင်စီက ဝေငှခဲ့သည် လက်ကမ်းစာစောင်
#တွံတေးမြို့နယ် #မြေးအဖွားနှစ်ဦးရှိ #မြေးဖြစ်သူ #စစ်မှုထမ်းရန် #မဲပေါက် #အဖွားဖြစ်သူ #နှစ်လုံးရပ်သေဆုံး #Ayeyarwaddy_Times