ဧရာဝတီတိုင်းမ်
မတ် ၁၉ ရက်

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် ရွေ့လျားလာသော လေပွေလှိုင်းနှင့် အပူပိုင်းတိမ်တိုက်များက ပူနွေးစိုစွတ်သောရာသီဥတုဖြစ်စေသဖြင့် လာမည့်လေးရက်အတွင်းမိုးရွာသွန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

မတ်လ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း တနင်္သာရီ တိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်မည်ဖြစ်ကြောင်း မိုးလေဝသ လေ့လာသူများက သုံးသပ်ထားသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးချင်းပြည် နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်

မည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ မိုးဇလ ထုတ်ပြန်ချက်အရ သိရသည်။

” တောင်တရုတ်ပင်လယ်ဘက်မှာ မုတ်သုတ်လေ အားကောင်းလာနေတယ်။ စိုစွတ်တိမ်တိုက်တွေ မြန်မာနိုင်ငံဘက် ဖြတ်ဝင်လာမယ်။ နောက်ရက် ၂၀ နဲ့ ၂၁ ဝန်းကျင်‌‌တွေမှာ အထက်ပိုင်းတွေ မိုးရွာသွန်းနိုင်တယ်။ ပူအိုက်စွပ်စိုဖြစ်မှာပေါ့” ဟု ရာသီဥတုပြောင်းလဲမှုဆိုင်ရာလေ့လာနေသူတစ်ဦးက ပြေကြားသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့အပါအဝင် မြို့ကြီးများနှင့် မြစ်ဝကျွန်းပေါ်ဒေသမြို့များတွင် မနက်ပိုင်းမြူများကျရောက်ပြီး နေ့လယ်ပိုင်းတွင် အပူချိန်မြင့်တက်နေကြောင်း မြို့ခံများထံမှ သိရသည်။

ထို့ပြင် နေ့အပူချိန် မြင့်တက်နေရာ ကချင် ပြည်နယ်တွင် မတ်လ ၏ ပျမ်းမျှအပူချိန်ထက် ၃ ဒီဂရီဆဲလ်စီးယပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီဆဲလ်စီးယပ်ပိုခဲ့ကြောင်းနှင့် ချောက်မြို့တွင် ၄၁ ဒီဂရီဆဲလ်စီးယပ်နှင့် တောင်တွင်းကြီးမြို့၊ ပြည်မြို့နှင့် ငါးသိုင်းချောင်းမြို့ တို့တွင် ၄၀ ဒီဂရီဆဲလ်စီးယပ်တို့ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#အပူချိန်မြင့်တက် #တိုင်းနှင့်ပြည်နယ်အချို့ #မိုးရွာမည် #Ayeyarwaddy_Times