မြရာ/ဧရာ၀တီတိုင်းမ်
မတ် ၂၀ ရက်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့် ရန်ကုန် တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄) နေအိမ်ကို ယနေ့ မတ် ၂၀ ရက်နေ့တွင် လေလံ တင်ရောင်းချရာ လေလံတင် ၀ယ်ယူမည့်သူမရှိကြောင်း သိရသည်။

ခြံအမှတ် (၅၄) နေအိမ်ကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်နေ့က ဦးအောင်ဆန်းဦးကို အနိုင်ပေးပြီး ၎င်းတောင်းဆိုသည့်အတိုင်း အမေရိ ကန်ဒေါ်လာသန်းပေါင်း ၉၀ ဖြင့် ကြမ်းခင်းဈေးလေ လံတင်ရန်ဆုံးဖြတ်ပြီး ယနေ့ မတ် ၂၀ တွင် လေလံပွဲ ပြုလုပ်ခဲ့သော်လည်း ၀ယ်ယူသူမရှိ၍ လေလံပွဲပိတ်ခဲ့ရကြောင်း သိရသည်။

“ဒီနေ့လေလံပွဲ မအောင်မြင်လို့ ဧပြီလထဲမှာ လေလံပွဲ ထပ်လုပ်ဖို့ အကြမ်းဖျင်းလျာထားတယ်”ဟု လေလံပွဲ နှင့် နီးစပ်သူမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လေလံပွဲမပြုလုပ်မီ ယမန်နေ့ မတ် ၁၉ ရက်နေ့က အဆိုပါ နေအိမ်ကိုလေလံတင်ရန် အဓိကပါ၀င်လုပ် ဆောင်ပေးနေသည့် ဗဟန်းမြို့နယ် စည်ပင်ရုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဟောင်းတို့ကို ရန်ကုန်ပကဖအထူးအဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၀င်နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါနေအိမ်ကို အမွေဆိုင်အဖြစ် ဦးအောင်ဆန်းဦး အယူခံ၀င်ခဲ့သည့်အတိုင်း စစ်ကောင်စီတရားရုံးက အနိုင်ပေးခဲ့ပြီးနောက် ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကမာရွတ်ခရိုင်တရားရုံးက အမေရိကန်ဒေါ်လာသန်း ၉၀ (မြန်မာငွေကျပ် ကျပ်သိန်းပေါင်း ၃ သန်း ၁ သိန်း ၅ သောင်း ၃၁၅ ဘီလီယံ) ကြမ်းခင်းဈေးဖြင့် လေလံစွဲရန် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ခြံအမှတ် (၅၄) နေအိမ်ကို အမွေခံပိုင်ဆိုင်ခွင့် တင်သွင်းခဲ့ ရာ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက နှစ်ထပ်တိုက်နှင့် နေအိမ်တစ်ခြမ်းကို ဒေါ်အောင်ဆန်းစုကြည် က ပိုင်ဆိုင်စေပြီး ကျန်တစ်ထပ်တိုက်နှင့်ခြံတစ်၀က်ကို ဦးအောင်ဆန်းဦးက ပိုင်ဆိုင်စေရန် ချမှတ်ခဲ့သည်။

ယင်းသို့ခွဲဝေမှုကို မကျေနပ်သည့် ဦးအောင်ဆန်းဦးက ‌ခြံ၀န်းတစ်ခုလုံးကို လေလံတင်ရောင်းချပြီး ရရှိငွေကို တစ်၀က်စီခွဲဝေယူမည့် အယူခံကို ၂၀၁၈ ခုနှစ်တွင် ပထမတစ်ကြိမ်၊ ၂၀၁၉ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် နှစ်ကြိမ်လျှောက်ထားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့တွင် ပြည်ထောင်စုတရားလွှတ် တော်ချုပ်က ဦးအောင်ဆန်းဦးတောင်းဆိုသည့် အယူ ခံကို တောင်းဆိုသည့်အတိုင်းခွင့်ပြုကြောင်း အမိန့်ချမှတ်၍ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့တွင် လေလံတင် ရောင်းချမည့်ရက်နှင့် လေလံတင်ဈေးကို တရား၀င်ခွင့်ပြုသတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက လေလံတင်ရောင်းချရန် ခွင့်ပြုလိုက်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့သည့် တက္ကသိုလ်ရိပ်သာလမ်းရှိ အဆိုပါနေအိမ်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့တွင် အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

NUG ယာယီသမ္မတ ဒူဝါလရှီးက စက်တင်ဘာ ၂ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် အမိန့်ထုတ်ပြန်ချက်တွင် ” ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄-၅၆) ကို ကြားကာလ အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်လိုက်ပြီဖြစ်သည်။ ထို့ကြောင့် မြေနှင့် အဆောက်အအုံ နေရာကို မည်သူမှ ပိုင်ဆိုင်ခြင်း၊ ပိုင်ဆိုင်ရန်ကြိုးစားခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန်ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန်ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း၊ အခြားနည်း အသုံးချခြင်းများအား တင်းကျပ်စွာတားမြစ်သည်” ဟု ဖော်ပြထား သည်။

ထိုသို့ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ (၂၀၁၉)၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းများ လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ (၁၉၈၇) တို့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများဖြင့် ဆောင်ရွက်သွားမည့်အပြင် အဆိုပါ ပုဂ္ဂိုလ်အဖွဲ့အစည်းအား အမည်မည်းစာရင်း (Black List) ထည့်သွင်းသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-RFA
ပုံစာဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို ယနေ့ မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်
#ဒေါ်အောင်ဆန်းစုကြည် #နှစ်ပေါင်းများစွာနေထိုင် #တက္ကသိုလ်ရိပ်သာလမ်း #ခြံအမှတ် ၅၄ #လေလံ‌ တင်ရောင်းချ #၀ယ်ယူသူမရှိ #Ayeyarwaddy_Times