နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၂၀ ရက်

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မတ် ၁၇ ရက်မှ ၁၈ ရက်အထိ နှစ်ရက်တာ ပြုလုပ်သော အပစ်ရပ် ခုနစ်ဖွဲ့၏ အစည်းအဝေးကိုပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာတက်ရောက်ခဲ့ပြီး PNLO အနေဖြင့် အပစ်ရပ်အဖွဲ့များ၏ စုဖွဲ့မှုအသစ်တွင် ပါဝင်ရန်အတွက် မတင်မကျ(မပြတ်မသား) အဆင့်သာရှိသေးကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာထံက သိရသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပသည့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ် ဖွဲ့၏ မျက်နှာစုံညီအစည်းအဝေးသို့ PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာတက်ရောက်ခဲ့ခြင်းသည် PNLO အနေဖြင့် ပေးအပ်ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် တာဝန်များကို လက်ရှိတွင် ပြန်ရုပ်သိမ်းခြင်း မရှိသေးသောကြောင့် တက်ရောက်ခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုထားသည်။

ထိုသို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာတက်ရောက်ခြင်းသည် PNLO အဖွဲ့၏ သဘောထား ပါဝင်ခြင်းမရှိသလို ဗဟိုဆုံးဖြတ်ချက်ဖြင့် သွားရောက်ခြင်း မဟုတ်ကြောင်း PNLO ဗိုလ်ချုပ် ခွန်သူရိန်ထံက သိရသည်။

“ဒီအစည်းအဝေးမှာ ကျွန်တော်တို့ PNLO ရဲ့ သဘောထား မပါပါဘူး။ ဗဟိုကော်မတီ ဆုံးဖြတ်ချက်တွေနဲ့ သွားတာမဟုတ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ PNLO ရဲ့ သဘောထား မဟုတ်ဘူးလို့ပဲ ဖြေကြားချင်ပါတယ်။ သူရဲ့ (ဗိုလ်မှူးကြီး ခွန်ဥက္ကာ) ပုဂ္ဂိုလ်ရေးအနေနဲ့ပဲ သူသွားတယ်လို့ပဲ ကျွန်တော်တို့အနေနဲ့ ပြောကြားလိုပါတယ်” ဟု PNLO ဥက္ကဌ ဗိုလ်ချုပ် ခွန်သူရိန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်မှစ၍ စစ်ကောင်စီတပ်၊ စစ်ကောင်စီတပ်လက်အောက်ခံ ဦးအောင်ခမ်းထီ၏ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA) နှင့် NCA လက်မှတ်ရေးထိုးထားသော PNLO/PNLA ၊ မဟာမိတ်အဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး ထိုကာလ PNLO သဘောထားမပါဘဲ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၏ လုပ်ဆောင်မှုသည် ယခုအခါ ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။

“PPST အဖွဲ့အစည်းမှာ ကျွန်တော်တို့က အဖွဲ့ဝင်လည်း ဖြစ်တယ်၊ တစ်ကြိမ်တည်းမှာ ဦးဆောင်မှု ကော်မတီမှာလည်း ပါတယ်။ အဲဒီလို အလုပ်တွေ လုပ်နေတဲ့ဟာကို အခုအကူးအပြောင်း လုပ်မယ်ဆိုတော့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ Structure ပြောင်းတာတို့၊ Hand over လုပ်ဖို့က အစည်းအဝေးတက်မှ ရမှာကိုး” ဟု PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့ကြောင့် ၎င်းအနေဖြင့် ကိုယ်စားပြုမှု၊ တာဝန်ယူမှုအပေါ်တွင် တက်ရောက်ခြင်း ဖြစ်သကဲ့သို့ PNLO အနေဖြင့် မူလပေးအပ်ထားသော PPST တာဝန်များအား ပြန်ရုပ်သိမ်းခြင်း မရှိသေးသည့်အတွက် တာဝန်အရ ဆောင်ရွက်ရခြင်းဖြစ်ကာ ခေါင်းဆောင်ပိုင်းအကြား သဘောထား ကွဲလွဲမှုသည်လည်း ကြီးကြီးကျယ်ကျယ် မဟုတ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

အလားတူ PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီ လက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အပစ်ရပ်ခုနစ် ဖွဲ့တို့ တွေ့ဆုံမှုကိုလည်း PNLO ဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ခွန်တီးလားနှင့်အတူ တက်ရောက်ခဲ့သေးကြောင်း သိရသည်။

အဆိုပါ တက်ရောက်မှုသည်လည်း ရှုပ်ထွေးနေသော ကာလဖြစ်၍ PPST ကိုယ်စားပြုမှုနှင့် ပုဂ္ဂိုလ်ရေးအရ ဖြစ်သည်ဟု သိရှိရသလို PNLO အနေဖြင့် ဖိနှိပ်မှု ကင်းစင်သည်အထိ ညီနောင်မဟာမိတ်များနှင့်အတူ လက်တွဲ၍ ပအိုဝ်းဒေသတခုလုံး တန်းတူရေးရရှိရန်အတွက် လုံးပန်းသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ Structure အသစ်မှာလည်း ပုံအောပြီးတော့လည်း မပါပါဘူး။ ဆက်စပ်ပါတာ ဖြစ်တယ်။ ဒါကြောင့် PNLO သဘောထား မပါဘူးဆိုပြီး မှတ်ယူလည်း ရပါတယ်။ အခုလက်ရှိ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေက မတင်မကျလေးပေါ့။ ဆက်စပ်အဖွဲ့အစည်း အဆင့်မှာပဲ ထားထားတယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးဆောင်သည့် အစိတ်အပိုင်းအနေဖြင့် ထိုအခြေအနေတွင် မပါဝင်ချင်၊ မလိုအပ်ဟုဆိုလျှင် ဗဟိုကော်မတီ အစည်းအဝေးအား အွန်လိုင်းမှဖြစ်ဖြစ် ခေါ်ယူကာ တစ်စုတစ်စည်းတည်း ဆွေးနွေးညှိနှိုင်း တရားဝင် ဆုံးဖြတ်၍ရကြောင်း ၎င်းက ဆက်လက်ပြောသည်။

စစ်ကောင်စီနှင့် နေ့စဉ်ဆက်တိုက် တိုက်ပွဲများ ဖြစ်ပွါးနေမှုကြောင့် ဆီဆိုင်မြို့ပေါ်ရှိ ရပ်ကွက် (၆)ရပ်ကွက်နှင့် ကျေးရွာပေါင်း (၆၀)နီးပါး၊ ဟိုပုံးမြို့ရှိ ကျေးရွာပေါင်း ၃၁ ရွာနှင့် ပင်လောင်းမြို့ရှိ ကျေးရွာပေါင်း ၁၇ ရွာတို့မှ အရပ်သား ၁ သိန်းနီးပါး စစ်ရှောင်နေရကြောင်း ပအိုးဝ်လူငယ်အစည်းအရုံး (PYO) ထံက သိရသည်။

ထို့အပြင် ယင်းတိုက်ပွဲ ဖြစ်ပွားသည့်နေ့မှ ပြီးခဲ့သည့် မတ် ၁၁ ရက်အထိ စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှု ၂၀၀၀ နီးပါးရှိခဲ့ပြီး အဆောက်အအုံပေါင်း ၁၉၆ လုံး ထိခိုက်ပျက်စီးကာ အရပ်သား ၁၀၉ ဦး ထိခိုက်သေဆုံး၍ အရပ်သား ၂၀ ဦးကိုမူ စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တို့က ဖမ်းဆီးသွားကြောင်း သိရသည်။

“အဲတော့ ဒီအနေအထားအရ ဆိုရင်တော့ NCA လမ်းကြောင်းအနေနဲ့ ကျွန်တော်တို့ ဆက်ပြီးသွားဖို့ ဆိုတာက မလွယ်ပါဘူး၊ ခက်ခဲပါတယ်။ အခုဖြစ်နေတဲ့ တိုက်ပွဲဟာ ပြောမယ်ဆို ဖိနှိပ်မှုကြောင့် အုံကြွမှု၊ တော်လှန်မှုဆိုတာ ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။ တရားမျှတမှုမရှိသမျှ ကာလပတ်လုံးကတော့ တော်လှန်မှုဆိုတာလည်း ပျက်သုဉ်း၊ ပျောက်ဆုံးသွားမှာ မဟုတ်ဘူး ဆိုတာကိုပဲ ပြောချင်ပါတယ်” ဟု PNLO ဥက္ကဌ ဗိုလ်ချုပ် ခွန်သူရိန်က ဆိုသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည့် အပစ်ရပ် ခုနစ် ဖွဲ့၏ နှစ်ရက်တာ အစည်းဝေးတွင် 7 NCA-S EAO ပြန်လည် ဖွဲ့စည်းမှုဆိုင်ရာ ဖွဲ့စည်းပုံစည်းမျဉ်း (Regulation) တို့ကိုဆွေးနွေးခဲ့ပြီး တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းခုနစ်ဖွဲ့၏ (7 Ethnic Armed Organizations Alliance -7 EAO Alliance) ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-NCA-S ERO
#အပစ်ရပ်၇ဖွဲ့ #စုဖွဲ့မှုအသစ် #PNLOပါဝင်ရန် #သေချာခြင်းမရှိ #ဗိုလ်မှူးကြီးခွန်ဥက္ကာ #Ayeyarwaddy_Times