
ဧရာဝတီတိုင်းမ်
မတ် ၂၀ ရက်
ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်များတွင် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများသည် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ ကို အသုံးပြုပြီး စိတ်ထင်သလို လုပ်ဆောင်နေကြကြောင်း ဒေသခံများထံမှသိရသည်။
“စစ်ကောင်စီက ကြေငြာတာနဲ့ လက်တွေ့ အုပ်ချုပ်ရေးမှူးတွေလုပ်နေတာနဲ့တစ်ခြားစီဖြစ်နေတယ်။ အခုကတည်းက မဲနှိုက်ခိုင်းပြီး ပေါက်တဲ့လူတွေကို မိဘတွေက ထွက်မပြေးအာင်မကြည့်နိုင်ရင် သူတို့က စစ်တပ်ထဲကြိုပြီးသွားထားပေးတာတွေရော ၊ ဒီပထမပါတ်ကို မလိုက်လိုရင် ငွေတောင်းနေတာတွေရော ထင်သလိုတွေ လုပ်နေကြတာပဲ”ဟု ပန်းတနော်မြို့နယ် ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။
အချို့ ကျေးရွာများတွင် စစ်တပ်ထောက်ခံသူ များ ၏ မိသားစု၀င်များမှ စာရင်းပေးမှုများရှိနေပြီး အဆိုပါစာရင်းပေးသူများကို ကျေးရွာမှ သိန်း ၃၀ မှ ၅၀အတွင်း ရှာဖွေ ပေးရန် ငွေကြေး ကောက်ခံမှုများရှိနေကြောင်း သိရှိရသည်။
စစ်ကောင်စီမှ စစ်မှုထမ်း ဥပဒေအရ အသက်အလိုက် စာရင်းကောက်ယူ ခြင်းများသာပြုလုပ် နေသည်ဟု ဝါဒဖြန့်နေသော်လည်းရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများမှ လူငယ်များကို မဲနှိုက်ခိုင်းပြီး ပေါက်သူများကိုသင်တန်းပို့ရန် စောင့်ကြည့်နေမှုများ ပြုလုပ်နေသည့် ဖြစ်စဉ်များလည်း ရှိနေသည်။
“သူတို့လုပ်တာ မိဘတွေ သွေးပေါင်တက်မူးလဲတဲ့လူမူးလဲ တစ်ချို့ဆို ဈေးရောင်းတောင်မထွက်နိုင်ဘူး။ သားတွေမဲပေါက်လို့ သားသမီးကထွက်ပြေးရင်လဲ မိဘကိုထောင် ၅ နှစ်ချမယ်လို့လဲခြိမ်းခြောက်သေးတာ”ဟု ပုသိမ်မြို့နယ်အတွင်းမှ ကျေးရွာ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောသည်။
မတ်လ ၁၇ ရက်နေ့က ကန်ကြီးထောင့်မြို့နယ်မှမြတ်လေးချောင်းကျေးရွာအုပ်စု ၊ရေတွင်းချောင်ရွာတွင် စစ်မှုထမ်းရန် မဲပေါက်သူ တစ်ဦးသည်အဆိပ်သောက်ခဲ့သောကြောင့် ပုသိမ်ဆေးရုံကြီးတွင် ယနေ့အထိ ဆေးကုသမှုခံယူ နေကြောင်း မိသားစုနှင့်နီးစပ်သူများထံမှသိရှိရသည်။
#စစ်မှုထမ်းဥပဒေ #ဧရာဝတီတိုင်း #အုပ်ချုပ်ရေးမှူးများ #စိတ်ထင်ရာလုပ်နေ #Ayeyarwaddy_Times