
ဧရာဝတီတိုင်းမ်
(ကော့ကရိတ်)၊ မတ် ၂၀ ရက်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့၊ ကျိုက်ဒုံဗျူဟာစခန်းကို ပြီးခဲ့သည့် မတ် ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက စခန်းသိမ်းတိုက်ခိုက်နိုင်ခဲ့ပြီး ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုးအပါအဝင် ၆၆ ဦး လက်နက်ချအညံ့ခံခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ထားသည်။
ကျိုက်ဒုံမြို့အခြေစိုက် စကခ-၁၃ လက်အောက်ခံ နဗဟ-၃ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုး ဦးဆောင်သည့် ကျိုက်ဒုံဗျူဟာ စခန်းကုန်းကို နှစ်ရက်တာ တိုက်ခိုက်ခဲ့ရာ စခန်းသိမ်း တိုက်ပွဲအတွင်းဗျူဟာမှူး နှင့် အရာရှိ ၁၂ ဦး အပါအဝင် ၆၆ ဦး လက်နက်ချ အညံ့ခံခဲ့ပြီး တပ်သား ၁၁ဦး သေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
“တိုက်ပွဲကတော့ ကျိုက်ဒုံစစ်ဆင်ရေးက စတာတော့ကြာပြီပေါ့နော်။ အဓိကတော့ ကျိုက်ဒုံဗျူဟာကုန်းပေါ့နော်။ အဲ့တာကတော့ KNLA နဲ့ ဒရုန်းတပ်ဖွဲ့တွေ ပူးပေါင်းပြီးလုပ်နေတာ လပိုင်းအထိကြာနေပြီပေါ့နော်” ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်နက်ချ အညံ့ခံခဲ့သည့် ဗျူဟာမှူး အပါအဝင် ၆၆ ဦးကို လူသားခြင်း စာနာထောက်ထားမှု အနေဖြင့် ညှင်းပန်းနှိပ်စက်ခြင်းမပြုပဲ ကရင်အမျိုးသား အစည်းအရုံး(KNU) မှ စစ်သုံ့ပန်း ဥပဒေနှင့် အညီ ဘေးကင်းလုံခြုံစွာ ထားရှိထားကြောင်းလည်း သိရသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ပြုလုပ်ခဲ့ပြီး KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် နှစ် ဦးကျဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိကာ ပြည်သူတစ်ဦး နင်းမိုင်း ထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီ၏ ဗျူဟာကုန်းစခန်းမှ သေနတ် ၁၂၂ လက်၊ ပစ္စတို သုံးလက်၊ လက်နက်ကြီး ခြောက် လက်၊ RPG တစ်လက်၊ ငါးကြင်းမြီးစက်လက် တစ် လက်၊ စနိုက်ပါ တစ်လက်၊ Drone Slyer နှစ်လက်၊ Drone Jumper တစ်ခု၊ လက်နက်ကြီးကျည်များ၊ လက်နက်ငယ်ကျည်များ၊ လက်ပစ်ဗုံးများ အပါအဝင် ခဲယမ်းနှင့် ဆက်စပ်ပစ္စည်း အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယခုအခါ ကော့ကရိတ်၊ ကျိုက်ဒုံးမြို့အတွင်းရှိဗျူဟာကုန်းစခန်း၊ မဲသရောထစခန်း၊ ရေတရောက်စခန်း၊ ကွီလုံတိုင်စခန်း၊ ဖူးချစ်မှူးစခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ က စခန်းသိမ်းပိုက်ထားနိုင်ပြီး တိုက်ပွဲများဆက်လက်ဖော်ဆောင်လျက်ရှိကြောင်းလည်း သိရသည်။
ဓာတ်ပုံ – ကရင်အမျိုးသားအစည်းအရုံး
ပုံစာ- ကျိုက်ဒုံ ဗျူဟာစခန်းကုန်း မှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ နှင့် စစ်သုံ့ပန်းများ။
#ကော့ကရိတ် #ကျိုက်ဒုံ #ဗျူဟာကုန်းစခန်း #စခန်းသိမ်းပိုက် #ဗျူဟာမှူးဗိုလ်မှူးကြီး #လက်နက်ချအညံ့ခံ #စစ်ကောင်စီတပ်ဖွဲ့ဝင်၆၆ဦး #Ayeyarwaddy_Times