
ဧရာဝတီတိုင်းမ်
မတ် ၂၀ ရက်
မြန်မာနိုင်ငံကူးလက်မှတ် ( Passport) ပြုလုပ်ရာတွင် UID-Unique ID နံပါတ် (Smart Card) အထောက် အထားလက်မှတ် မရှိသူများကို ဧပြီ ၂၂ ရက်နေ့မှစတင်ပြီး Passport စာအုပ်ထုတ်ပေးမည်မဟုတ်ကြောင်း ယမန်နေ့ မတ် ၁၉ ရက်တွင် စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ထုတ်ပြန်သည်။
နိုင်ငံကူးလက်မှတ်လုပ်ရာတွင် နိုင်ငံသားဟုတ်၊ မဟုတ်စိစစ်နိုင်ရန်အတွက် စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပေးထားသော UID ဂဏန်းဆယ်လုံးပါ နံပါတ် အထောက်အထားလိုအပ်ကြောင်းသိရသည်။
ထို့ပြင် UID လက်မှတ်မပါရှိဘဲလျှောက်ထားသူများသည် စာအုပ်ရရှိရန်စောင့်ဆိုင်းရသည့် ရက်ချိန်း ၁၀ ရက်အတွင်း လုပ်ထားရမည် ဖြစ်ကြောင်း သိရသည်။
ယင်းပြင်နိုင်ငံကူးလက်မှတ်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး နှင့် ပုသိမ်တို့တွင် Online Booking စနစ် QR Code ယူပြီးလျှောက်ထားနိုင်ကာ ကျန်ရုံးများတွင် ကိုယ်တိုင်တန်းစီစနစ်ဖြင့်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိကာလအတွင်း သင်္ကြန်မတိုင်ခင် လျှောက်ထားသူများတွင် UID လိုအပ်မှု မရှိကြောင်းသိရသည်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်) တွင် တိုင်းနှင့်ပြည်နယ်မရွေး QR Code ( ရက်ချိန်း) ရယူနိုင်ပြီး လျှောက်ထားနိုင်သည့်ရက် စက်တင်ဘာ ၂၅ ရက်နေ့ အထိရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ ပုသိမ်တို့တွင် Online Booking စနစ် QR Code ယူရာတွင် သက်ဆိုင်ရာနယ်မြေ သန်းခေါင်စာရင်းရှိသူများ ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။
#passportလျောက်ထားသူများ #UIDလိုအပ် #ဧပြီ #Ayeyarwaddy_Times