ဧရာဝတီတိုင်းမ်
မတ် ၂၀ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ် ဒူးယားမြို့၌ ပြီးခဲ့သည့် မတ်လ ၁၇ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူး နေအိမ်လောင်ကျွမ်းမှုမှာ ပျုစောထီးအဖွဲ့ဝင်အချို့မှ ပုဂ္ဂိုလ်ရေး မကျေနပ်၍ မီးရှို့ခဲ့ခြင်းသာဖြစ်ကြောင်း အုပ်ချုပ်ရေးအဖွဲ့ဝင်အချို့နှင့် ဒေသခံများထံက သိရသည်။

နေအိမ်မီးလောင်မှုဖြစ်စဉ်တွင် နေအိမ်တစ်ခုလုံး မီးလောင်ကျွမ်းခဲ့ပြီး ကာလတန်ဖိုး ငွေကျပ်သိန်း ၁၂၀၀ ကျော် ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

“ ၅ ရပ်ကွက်အုပ်ကြီးအိမ် ၁၇ ရက်နေ့ည၁၁နာရီလောက်က မီးလောင်တယ်။ အိပ်ချိန်ကြီး မီးထလောင်တာဆိုတော့ ဘာမှသယ်ချိန်မရလိုက်ဘူး။ လူတွေပါမီးလောင်မသေသွားတာ ကံကောင်းတယ်။ တစ်အိမ်လုံးပြောင်သွားတယ်။ဘာမှပြန်မရလိုက်ဘူး။ တစ်အိမ်လုံးဆိုရင်သိန်း၁၀၀၀ ကျော်လောက်ရှိမယ်”ဟု ဒူးယားမြို့ခံ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ဝင်ကြား ငွေကြေးကိစ္စများဖြင့် ပုဂ္ဂိုလ်ရေးမကျေနပ်ဖြစ်ရာမှ မီးရှို့ခဲ့ခြင်းဖြစ်ပြီး ပျူစောထီးအဖွဲ့ဝင် သုံးဦးမှာ လက်ရှိ၌ရှောင်တိမ်းနေကြောင်း ဒေသခံများထံက သိရသည်။

“အုပ်ကြီးမိန်းမက နှစ်လုံးသုံးလုံးတွေရောင်းတယ်။ ရပ်ကွက်ထဲဖဲဝိုင်းတွေလုပ်ရင် လည်း ငွေသိန်းဆယ်ချီတောင်းတယ်။အဲဒါတွေနဲ့စုပြီး အိမ်ဆောက်ထားတာဆိုတော့ အပူစာစားပြီး မီးလောင်တာလို့ပြောရမှာပဲ။ မီးမလောင်ခင်က ပျုစောထီးအဖွဲ့ဝင်တွေနဲ့ အုပ်ကြီးတို့ ငွေကိစ္စတွေနဲ့ ပြဿနာတက်ကြသေးတယ်။ အဲဒီပြဿနာတက်တဲ့နေ့က အိမ်အနားကို ပျူစောထီးအဖွဲ့တွေ ကင်းလှည့်သလိုလုပ်နေတာ သုံးနာရီလောက်ရှိတယ်။မကြာဘူး အိမ်မီးလောင်တယ်ဆိုပြီးအသံကြားရတာပဲ။ အခု ပျူစောထီးအချို့ ပျောက်နေတယ်”ဟု အမှတ်(၅)ရပ်ကွက်ဒေသခံတစ်ဦးကဆိုသည်။

ဒူးယားမြို့နယ်တွင် အုပ်ချုပ်ရေးမှူးများသည် တရားမဝင် လောင်းကစားလုပ်ငန်းလုပ်သူများထံမှ ငွေကြေးတောင်းခံပြီး ပျူစောထီးများကို ပြန်လည်ခွဲဝေပေးရာတွင် မမျှတဟုဆိုကာ အုပ်ချုပ်ရေးအဖွဲ့နှင့် ပျူစောထီးအဖွဲ့ကြား မကြာခဏ ငွေကြေးပြဿနာများ ဖြစ်ပွားလေ့ရှိကြောင်း ဒေသခံများထံက သိရသည်။

#ဧရာဝတီတိုင်း #ဟင်္သာတမြို့နယ် #ဒူးယားမြို့ #အမှတ်(၅)ရပ်ကွက် #အုပ်ချုပ်ရေးမှူး #ပျူစောထီး နေအိမ် မီးရှို့ #Ayeyarwaddy_Times