
ဧရာဝတီတိုင်းမ်
မတ် ၂၀ရက်
စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့ကို ရက္ခိုင့်တပ်တော် AAဝင်ရောက်လာမည်စိုး၍ ကုန်းလမ်းအဝင်အထွက်များကို စစ်ကောင်စီက ဖြတ်တောက်ထားကြောင်း သိရသည်။
စစ်ကောင်စီသည် အမ်း-တောင်ကုတ်ကားလမ်း၊ ကုတ်မောင်တန်ဂိတ်အနီးရှိ လမ်းပိုင်းကိုယမန်နေ့ မတ် ၁၉ ရက်နေ့က စက်ယန္တရားများ အသုံးပြု၍ ဖြိုချဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါလမ်းပိုင်းသည် တောင်ကုတ်၊ သံတွဲ၊ ဂွ၊ ကျောက်ဖြူမြို့နယ်တို့နှင့် ဆက်သွယ်ထားသည့်အတွက် အရေးပါသော လမ်းတစ်ခုဖြစ်ကြောင်း သိရသည်။
“လမ်းက အတော်အခြေအနေဆိုးပါတယ်။ လမ်းသွားလို့တောင်မလွယ်ဘူး”ဟု တောင်ကုတ်ဒေသခံက ဆိုသည်။
အဆိုပါ အမ်း- တောင်ကုတ်လမ်းကို တောင်ကုတ်အခြေစိုက် ခမရ ၅၄၄တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်ယန္တရားများသုံး၍ လာရောက် ဖြိုဖျက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီလထဲကပဲ တောင်ကုတ်နဲ့ သံတွဲကြား မုတ်ရွာနဲ့ ဘာယေရွာမှာ တပ်တော်က စစ်ကောင်စီကို ကြားဖြတ်တိုက်ထားတော့ အမ်းဘက်ကို မကူးနိုင်အောင် အမ်း-တောင်ကုတ်လမ်းကို ဖျက်ဆီးလိုက်တာနေမယ်” ဟု တောင်ကုတ်ဒေသခံက ဧရာဝတီတိုင်းမ်ကို ဆက်လက်ပြောကြားသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် မတ် ၁ ရက်နေ့ကလည်း အမ်း-စစ်တွေ ကားလမ်းပိုင်းဖြစ်သည့် ကျောက်စကွဲရွာအနီးရှိ တံတားနှင့် မီးလောင်ချောင်းအနားရှိ တံတားတို့ကို ချိုးချဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထို့အပြင် အမ်း-တပ်တောင်ကြားရှိ လုံးကျေးရွာအဝင်ဘက်ရှိတံတားနှင့် အထွက်ဘက်ရှိ တံတားများကို ဖြိုချခဲ့ပြီး အမ်း- မအီ၊၆မိုင်ကုန်းအနီးရှိ လမ်းပိုင်းများကိုပါ ဖြတ်တောက် ဖျက်ဆီးခဲ့ကြောင်း သိရသည်။
“အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရှိတော့ အသေခံပြီးတော့ကာမယ့်သဘောပဲ။ အရှေ့ကမြို့တွေလိုပဲ ပုဏ္ဏားကျွန်းကို စစ်ကမရောက်သေးဘူး အမြင့်ကျွန်းတံတားချိုးတယ်။ မအီက တံတားတွေဖျက်တယ်။ ပြီးတော့ စစ်ကူမပို့နိုင်တော့ဘူး။ အခုလည်း အမ်းအဝင် ၄ လမ်းရှိတာမှာ ၃ လမ်းကဖျက်ပြီးသွားပြီ။ အမ်းကတော့ ပတ်ဝိုင်းခံထားရတဲ့ အနေအထားမှာရှိတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ရက္ခိုင့်တပ်တော် (AA) က ဘူးသီးတောင်နှင့် မောင်တောမြို့များကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ကျောက်ဖြူ၊ အမ်းနှင့် စစ်တွေမြို့တို့ကို စစ်ရေးအနေ အထားအရ ဝိုင်းရံပိတ်ဆို့ထားကြောင်း စစ်ရေးလေ့လာသုံးသပ်သူများက ဆိုထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ရက်ကစတင်ခဲ့သည့် ရခိုင်ပြည်နယ်တိုက်ပွဲများ လေးလတာ ကာလအတွင်း AA က ချင်းပြည်နယ်ရှိ ပလက်ဝ၊ဆမီးနှင့် ရခိုင်ပြည်နယ်ရှိ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲနင့် ရသေ့တောင်မြို့တို့ကို သိမ်းပိုက် ထိန်းချုပ်ထားပြီးဖြစ်သည်။
ပုံစာ- အမ်း- တောင်ကုတ်လမ်းကို စစ်ကောင်စီက စက်ယန္တရားများဖြင့် ဖျက်စီးထားစဉ်
#အမ်း #စစ်ကောင်စီ #အနောက်မြောက်တိုင်းစစ်ဌာနချုပ် #နမခ #လမ်းများဖျက်ဆီး #Ayeyarwaddy_Times