
နွေဦးမောင် /ဧရာဝတီတိုင်းမ်
မတ်၂၀ရက်
ဧရာဝတီတိုင်း မအူပင်မြို့ မြို့ပေါ်ရပ်ကွက်များ၌ စစ်ကောင်တပ်တွင် စစ်မှုထမ်းရန် မတ် ၁၈ ရက်နေ့မှ စတင်ကာ မဲနှိုက်ရွေးချယ်မှုများပြုလုပ်နေပြီး လေးလ တစ်ကြိမ် မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
အမူပင်တွင် မြို့ပေါ်ရပ်ကွက်ပေါင်း ၁၃ ရပ်ကွက်ရှိကာ ကာယကံရှင်၏ ဆန္ဒအလျှောက် စစ်မှုထမ်းလိုသည့် ရပ်ကွက် သုံးရပ်ကွက်ရှိခဲ့ပြီး ကျန်ရပ်ကွက်တစ်ခုတွင်မူ အုပ်ချုပ် ရေးမှူးက မဲနှိုက်၍ မဲပေါက်သည့် အိမ်ကို စာရင်းပို့ပေးမည်ဖြစ်ကြောင်း သိရသည်။
“စစ်မှုထမ်းဖို့ တစ်ရပ်ကွက်နဲ့ တစ်ရပ်ကွက် ရွေးချယ်တာမတူဘူး။ အမှတ် (၁၂)ရပ်ကွက် အမှတ် (၁၁)ရပ်ကွက်နဲ့ အမှတ် (၇) ရပ်ကွက်တွေမှာတော့ စစ်မှုထမ်းမယ့် သူ စာရင်းရသွားပြီး။ ရပ်ကွက်နေပြည်သူတွေ မဲမနှိုက်ရတော့ဘူး။ စာရင်းပေးထားသူတွေက စားဝတ်နေရေးအစဥ် မပြေတဲ့သူနဲ့ လမ်းဘေးမှာ တောင်းစားနေတဲ့သူအချို့က လက်ရှိ စစ်မှုထမ်းရမယ့် စာရင်ထဲပါသွားတာ” ဟု မအူပင်မြိုဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
ယနေ့ မတ်လ ၂၀ ရက်နေ့ နေ့လယ်ပိုင်းတွင် အမှတ် (၁) ရပ်ကွက်နှင့် အမှတ် (၂) ရပ်ကွက်က အုပ်ချုပ်ရေးမှူး ရုံးများတွင် မဲနှိုက်ရွေးချယ်ခဲ့ရာ တစ်ရပ်ကွက်လျှင် နှစ် ဦးစီ ရွေးချယ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်တွင် စစ်မှုထမ်းရန်အတွက် ရပ်ကွက် တစ်ခုလျှင် နှစ်ဦး မဲနှိုက် ရသော်လည်း အမှတ် (၁) ရပ်ကွက်တွင် စစ်မှုထမ်းရန် ၁၂ ဦးအထိ မဲနှိုက် ရွေးချယ်ထားကြောင်း သိရသည်။
“(၁)ရပ်ကွက်မှာတော့ အခြားရပ်ကွက်တွေနဲ့မတူဘဲ ၁၂ ယောက်တောင် မဲဖောက်တယ်” ဟု မအူပင်မြိုဒေသခံက ဆိုသည်။
မအူပင်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်ပေါင်း ၁၃ ရပ်ကွက်နှင့် ကျေးရွာ ၈၈ အုပ်စုရှိကာ ရပ်ကွက်တစ်ခုလျှင် နှစ်ဦး စီ ၊ ကျေးရွာတစ်ရွာလျှင် နှစ်ဦးစီဖြင့် စစ်မှုထမ်းရန် မဲနှိုက် ရွေးချယ်ထား၍ အဆိုပါအရေအတွက်အရ ယခုအကြိမ်တွင် ဒေသခံ လူငယ် ၂၀၀ ကျော် စစ်ကောင်စီတပ် လက်အောက်တွင် စစ်မှုထမ်းဆောင်ရမည် ဖြစ်သည်။
စစ်ကောင်စီက ရပ်ကွက် ကျေးရွာများတွင် လေးလ လျှင် တစ်ကြိမ်နှုန်းဖြင့် လူရွေးချယ်၍ စစ်မှုထမ်းရန် ခိုင်းစေသွားမည်ဖြစ်၍ စစ်ကောင်စီတပ်တွင် စစ်မှုထမ်းရန် လေးလ တစ်ကြိမ် ရွေးချယ်နေမည် ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ပုံစာ- ဧရာဝတီတိုင်းထဲက ကျေးရွာတစ်ခုတွင် စစ်မှုထမ်းရန်အတွက် မဲနှိုက်ရွေးချယ် နေစဉ်
#မအူပင်မြို့ #ရပ်ကွက်များ #စစ်ကောင်စီတပ် #စစ်မှုထမ်း #မဲနှိုက်ရွေးချယ် #၄လ တစ်ကြိမ် #ရွေးချယ်မည် #Ayeyarwaddy_Times