နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၂၀ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းဒေသ တိုက်ပွဲများကြောင့် လက်ရှိတွင် အရပ်သား ၁၀၀,၀၀၀ (တစ်သိန်း) နီးပါး စစ်ရှောင်နေရပြီး နေထိုင်ရေးအပါအဝင် အရေးပေါ် စားနပ်ရိက္ခာ၊ ဆေးဝါး၊ သောက်သုံး ရေစသည်တို့ လိုအပ်နေချိန်တွင် စစ်ကောင်စီက နောင်ဘိုကန် သာယာလှပစေရေးအတွက် ငွေကျပ်သန်းပေါင်းများစွာ အသုံးပြုခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ဟိုပုံးမြို့နယ်ရှိ နောင်ဘိုကန်ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ရှမ်းပြည်နယ် စည်ပင်သာ ယာရေးဌာနမှ ဖြည့်စွက်ရန်ပုံငွေကျပ် ၁၉ ဒသမ ၅၀ သန်းဖြင့် သာယာလှပစေရေး မြက်စိုက်ခြင်း၊ ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ အလှမီးတိုင် စိုက်ထူခြင်းနှင့် ထိုင်ခုံများ ပြုလုပ်ပေးခဲ့သည်ဟု မတ် ၁၉ ရက်ထုတ် စစ်ကောင်စီ၏ မြန်မာ့အလင်း သတင်းစာ မျက်နှာဖုံးတွင် ဖော်ပြခဲ့သည်။

အဆိုပါ လုပ်ငန်းများကို ဇန်နဝါရီ ၂၆ ရက်မှစ၍ အကောင်ထည်ဖော်ဆောင်ရွက်ခဲ့သည်ဟု ဆိုကာ လက်ရှိတွင် လုပ်ငန်းများ ပြီးစီးပြီဖြစ်၍ နောင်ဘိုကန်ဘေးတွင် ဒေသခံပြည်သူများ လမ်းလျှောက်ခြင်း၊ နေဝင်ဆည်းဆာ အလှအပများ၊ အလှဓာတ်ပုံများ ရိုက်ကူးခြင်းတို့ကို ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

“အဲဒါကတော့ စစ်ကောင်စီတွေရဲ့ လုပ်နေကျထုံးစံပါပဲ။ မသာယာတဲ့ နေရာကို သာယာနေပါတယ်လို့ လိမ်လည်နေတာ ခေတ်အဆက်ဆက်ကပါပဲ။ အခုထိ ဟိုပုံးမြို့နယ်မှာ လက်နက်ကြီးတွေနဲ့ နေ့တိုင်းပစ်ခတ်ဖျက်ဆီး လေယာဉ်နဲ့ ဗုံးကြဲနေဆဲပါပဲ။ စစ်ကောင်စီရဲ့အခုလုပ်ရပ်ကတော့ ဆင်သေကို ဆိတ်သားရည်နဲ့ ဖုံးဖိတဲ့လုပ်ရပ်ပဲဖြစ်ပါတယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်မှစ၍ ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်(မိုင်းပွန်)နှင့် ပင်လောင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)၊ မဟာမိတ်အဖွဲ့တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု ရာချီရှိခဲ့ကာ အရပ်သား ၁ သိန်းနီးပါးလည်း စစ်ရှောင်နေရကြောင်း သိရသည်။

စစ်ကောင်စီနှင့် အပေါင်းအပါတို့သည် ၎င်းတို့ လက်လွတ်ဆုံးရှုံးခဲ့ရသော ဆီဆိုင်မြို့အပါအဝင် ပအိုဝ်းဒေသ အများစုကို နေ့စဉ်ဆက်တိုက် လက်နက်ကြီး၊ လေယာဉ်များအပြင် ဒရုန်းများဖြင့် ပစ်ခတ်ဗုံးကြဲကာ အလုံးစုံဖျက်ဆီးရေး လုပ်ဆောင်နေသကဲ့သို့ ဒေသခံပြည်သူများ၊ ဘာသာရေး အဆောက်အအုံ၊ စာသင်ကျောင်းတို့ကိုလည်း ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း PNLA ထံက သိရသည်။

ယခုနှစ် စစ်ရှောင်ကြရသော ဆီဆိုင်၊ ဟိုပုံး ဒေသခံ ပြည်သူများသည် ယခင်နှစ်က စစ်ရှောင်ကြရသည့် ကရင်နီဒေသခံ ပြည်သူများထက် ပိုမိုခက်ခဲနေသည်ကို တွေ့ရှိရပြီး ဆီဆိုင်မြို့နယ်အတွင်း တိမ်းရှောင်နေကြသော ဒေသခံ ပြည်သူများသည် စစ်ရှောင်ကာလ နှစ်လနီးပါး ရှိလာသော်လည်း တစ်ကြိမ်တစ်ခါမှ အကူအညီ မရရှိသေးကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ထံက သိရသည်။

ထို့အပြင် လမ်းများအား ပိတ်ဆို့ခြင်း၊ အင်တာနက်နှင့် သတင်းများ ဖြတ်တောက်ခြင်း၊ စစ်ဘေးရှောင်များအား ဖမ်းဆီးခြင်း၊ စားနပ်ရိက္ခာ ပေးပို့သူများကို ဖိအားပေး ခြိမ်ခြောက်ခြင်း စသည်တို့ကို စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တို့က လုပ်ဆောင်လျက်ရှိသည်ဟု စစ်ဘေးရှောင် ကူညီသူများထံက သိရသည်။

#ပအိုဝ်းဒေသ #အရပ်သား၁သိန်းနီးပါး #စစ်ရှောင်နေရ #စစ်ကောင်စီ #နောင်ဘိုကန် #ငွေကျပ်သန်းပေါင်းများစွာ #အသုံးပြု #Ayeyarwaddy_Times