
ဧရာဝတီတိုင်းမ်
(ကျိုက်ဒုံ)၊ မတ် ၂၀ ရက်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့ အတွင်းရှိ မဲသရောထစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) ၊ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် မတ် ၁၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ရာ ယမန်နေ့ မတ် ၁၉ ရက်နေ့တွင် စခန်းသိမ်းပိုက်ရရှိခဲ့ပြီး တပ်သား ၅၀ ကျော်မှာ ထိုင်းနိုင်ငံအတွင်းသို့ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။
မဲသရောထစခန်းသည် စစ်ကောင်စီ၏ အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ကွပ်ကဲညွှန်ကြားမှုအောက်တွင် ရှိနေပြီး ဘုတ်ပြင်းအခြေစိုက် ခမရ-၅၅၇၊ ၅၅၈ တပ်ရင်းမှ တပ်ဖွဲ့ဝင်များ အခြေစိုက်သည့် နယ်စပ်တပ်စခန်းတစ်ခုဖြစ်ပြီး စခန်းသိမ်းတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သား ငါးဦး သေဆုံးပြီး ၅၀ ကျော်မှာ စခန်းခွာ၍ ထိုင်းနိုင်ငံသို့ ထွက်ပြေးသွားကြောင်း သိရသည်။
“ရှင်းလင်းရေးလုပ်တဲ့ အချိန်မှာ အလောင်းငါးလောင်းနဲ့ လက်နက်တွေအားလုံး ရလိုက်တယ်။ ကျန်တဲ့ စစ်ကောင်စီ တပ်သားတွေကတော့ ထိုင်းဘက်ခြမ်း ပိုင်ကလိုင်ရွာဘက် ကိုထွက်ပြေးသွားတယ်။ ကျွန်တော်တို့သိတာကတော့ ထိုင်းဘက်ခြမ်းကို ထွက်ပြေးတဲ့ စစ်သား အားလုံး ၅၀ နီးပါးရှိတယ်။ အဲ့တာကို ထိုင်းစစ်တပ်ကလည်းဖမ်းဆီးတယ်။ သိရသလောက် လက်ရှိအခြေအနေကတော့ ထုံးစံအတိုင်း စစ်ကောင်စီနဲ့ ထိုင်းစစ်တပ်တို့ ချိတ်ဆက်ပြီးတော့ မြန်မာနိုင်ငံဘက်ပြန်ပို့ဖို့ အစီအစဉ်ပဲသိရတာပေါ့နော်။ မြ၀တီဘက်ကနေပြန်ပို့လို့ရတယ်” ဟုအထူးစစ်ဆင်ရေး တပ်ဖွဲ့ (SOF) ပြန်ကြားရေးတာဝန်ရှိသူ ကိုအောင်စံရှားက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များသည် ကျိုက်ဒုံမြို့ရှိ စစ်စခန်းများကို စစ်ဆင်ရေးများပြုလုပ်၍ တိုက်ပွဲအကောင်အထည်ဖော်နေသည်မှာ ကြာမြင့်နေပြီဖြစ်ကြောငသ်း သိရသည်။
ယခုတိုက်ပွဲတွင်လည်း မဲသရောထစခန်းကို စခန်းသိမ်းနိုင်ခဲ့ပြီး စခန်းကိုမီးရှို့ဖျက်ဆီးခဲ့ကာ လက်နက်ကြီး၊ လက်နက်ငယ်ပေါင်း ၆၁ လက် အပါအဝင် ခဲယမ်းနှင့် ဆက်စက်ပစ္စည်းများစွာကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
” အင်အားက ၆၀ လောက်ရှိတယ်ဆိုတဲ့ စခန်းကုန်းက အင်အားများတယ်ပြောလို့ရတယ်။ လက်နက်အပြည့်အစုံနဲ့ စစ်ကောင်စီ တပ်သား ၆၀ ဆိုတာ တော်တော်များပါတယ်။ နယ်စပ်အထိုင် စခန်းကြီးပေါ့။ စခန်းတွေကတော့ သိမ်းဖို့ ကျန်သေးတယ်အဲ့မှာ။ ဒါပေမယ့် ဗျူဟာကိုလည်း သိမ်းပြီးသွားတဲ့နောက်ပိုင်းမှာ ကျန်တဲ့စခန်းတွေကတော့ တော်လှန်ရေးအဖွဲ့တွေကပဲ ပြန်သိမ်းပိုက်မှာပေါ့နော်” ဟု ကိုအောင်စံရှားက ဆက်လက်ပြောသည်။
ယခုအခါ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအနေဖြင့် မြန်မာနိုင်ငံဘက်ခြမ်း နယ်စပ်တလျှောက်ကို နယ်မြေစိုးမိုးထားနိုင်ပြီး ကျိုက်ဒုံမြို့နှင့်အနီးဝန်းကျင်ရှိ စစ်ကောင်စီလက်အောက်ခံ ဗျူဟာစခန်း၊ မဲသရောထစခန်း၊ ရေတရောက်စခန်း၊ ကွီလုံတိုင်စခန်း၊ ဖူးချစ်မှူးစခန်း စသည့်စခန်းများကိုလည်း သိမ်းပိုက်ထားနိုင်ကြောင်း သိရသည်။
ဓာတ်ပုံ – အထူးစစ်ဆင်ရေးတပ်ဖွဲ့
#ကျိုက်ဒုံမြို့ #မဲသရောထစခန်း #စခန်းသိမ်းပိုက် #ထိုင်းနိုင်ငံသို့ထွက်ပြေး #KNLA #SOF #Ayeyarwaddy_Times