
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၂၀ ရက်
အာဏာသိမ်း ကာလအတွင်း နိုင်ငံတဝန်းရှိ သေကြေပျက်စီးမှုများကို စစ်ကောင်စီအလိုကျ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများ(EROs) နှင့် ပြည်တွင်းပြည်ပတော်လှန်ရေး အင်အားစုများအပေါ် စွပ်စွဲ၍ ၎င်းတို့ကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ထိခိုက်စေကာ ကန့်ကွက်ရှုံ့ချကြောင်း စစ်တပ်ထောက်ခံ နိုင်ငံရေးပါတီ ၂၄ ပါတီက ထုတ်ပြန်သည်။
စစ်ကောင်စီ၏ အကြံပေးများဖြစ်သော ဦးသိန်းညွန့် (NNDP)ပါတီ၊ ဦးခင်မောင်ဆွေ (NDF)ပါတီ၊ စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင် (PPP)ပါတီနှင့် စစ်တပ်ထောက်ခံ ပါတီများဖြစ်သည့် ကြံ့ခိုင်ရေးပါတီ၊ တ.စ.ညပါတီ၊ ဒီမိုကရက်တစ်ပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ကျားဖြူပါတီ စသည့်နိုင်ငံရေးပါတီ ၂၄ ပါတီတို့က ရန်ကုန်တွင် တွေ့ဆုံပြီး မတ် ၁၆ ရက် ရက်စွဲဖြင့် ထိုကဲ့သို့ စုပေါင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒါက ကျွန်မ မတတ်ဘူး။ ဒုဥက္ကဋ္ဌ ဦးတင်ဆွေ တက်ပါတယ်။ ကျွန်မတို့လည်း ပါဝင်လက်မှတ် ထိုးခဲ့တယ်။ ထိခိုက်တယ် ဆိုတာက ဘယ်လိုအဖြစ်မျိုးပဲ ဖြစ်ဖြစ်ပေါ့လေ။ ရွေးကောက်ပွဲလုပ်မယ့် နိုင်ငံမှာ အဲဒီလို အကြမ်းဖက်မှုတွေ ဖြစ်တယ်ဆိုရင် ရွေးကောက်ပွဲကတော့ ချောချောမွေ့မွေ့ ဖြစ်မှာမဟုတ်ဘူး“ ဟု ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဒေါ်သန်းသန်းနုက ပြောသည်။
သို့သော် စစ်ကောင်စီက ရွေးကောက်ပွဲအား မည်သည့်ကာလတွင် ပြုလုပ်မည် ဆိုခြင်းကိုမူ သူမအနေဖြင့် ပြောနိုင်ခြင်းမရှိဘဲ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ကသာလျှင် ပြောဆိုနိုင်မည်ဖြစ်ကြောင်း ဒေါ်သန်းသန်းနုက ဧရာဝတီတိုင်းမ် သတင်းဌာနကို ဆက်လက်ပြောသည်။
အဆိုပါ နိုင်ငံရေးပါတီ ၂၄ ပါတီက မဲစာရင်းကို အကြောင်းပြု၍ စစ်ကောင်စီ၏ အာဏာသိမ်းမှုသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကိုက်ညီကြောင်း ဖော်ပြထားပြီး EROs နှင့် ပြည်တွင်းပြည်ပ တော်လှန်ရေး အင်အားစုများကိုမူ “အကြမ်းဖက်အဖွဲ့များ” ဟု သုံးနှုန်းထားကြောင်း ယင်းတို့ ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပစ်မှတ်မဟုတ်သော အရပ်ဖက်ပစ်မှတ်များအပေါ် ရည်ရည်ချက်ရှိရှိ လုပ်ဆောင်နေသည်ဟု စွပ်စွဲထားပြီး အာဏာသိမ်း ၂နှစ်အတွင်း လူနေအိမ်နှင့် နိုင်ငံပိုင် အဆောက်အဦ၊ စက်ရုံ၊ အလုပ်ရုံ၊ စူပါမားကတ်၊ လမ်း၊ တံတားများ စသည်တို့ မီးရှို့ဖျက်ဆီး တိုက်ခိုက်ခံရကာ အရပ်သား ၈၉၂၈ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ အကြမ်းဖက်မှုများ၊ လူမျိုးတုန်း သတ်ဖြတ်မှုများ၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ဗုံးကြဲပစ်ခတ်မှု စသည်တို့နှင့် ပတ်သက်၍ ယင်းပါတီများက ဖော်ပြထားခြင်းမရှိသလို တော်လှန်ရေး အင်အားစုများ၏ လုပ်ဆောင်ချက်များကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကို ထိခိုက်ပျက်စီးစေကြောင်း ထုတ်ပြန်ခဲ့သည်။
လက်ရှိအခြေအနေအရ ဖြစ်လာနိုင်သည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲ အခြေအနေနှင့် ယင်းရွေးကောက်ပွဲအပေါ် မည်မျှအထိယုံကြည်ထားသလဲ ဆိုသည်နှင့် ပတ်သက်၍ “အကျပ်အတည်းကာလ ပြီးမှပဲ ရွေးကောက်ပွဲဆိုတာ မျှော်မှန်းနိုင်မှာပေါ့။ အခုကတော့ ပြောလို့မတတ်ဘူး။ ရွေးကောက်ပွဲကော်မရှင်ဘက်က ရွေးကောက်ပွဲ ဥပဒေထွက်ပြီ ဆိုရင်ဖြင့် ခင်ဗျားမေးတာ ပြန်ရှင်းပြနိုင်မှာပါ” ဟု ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အတူ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဒေါ်သန်းသန်းနုကလည်း “ရွေးကောက်ပွဲကလည်း အစကတည်းက ပြောထားတာက အခု ၂၀၂၄ ခုနှစ်လေ။ ၂၀၂၅ ခုနှစ်လောက်မှ လုပ်ဖြစ်မယ် ဆိုတော့လည်း အချိန်ကာလ တစ်ခုတော့ ရှိပါသေးတယ်။ ကျွန်မတို့ စောင့်ကြည့်ရမှာပေါ့လေ” ဟု ဆိုသည်။
ဓာတ်ပုံ- စစ်ကောင်စီ
ပုံစာ- စစ်ခေါင်းဆောင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီတို့ ပြီခဲ့သည့် ဇန်နဝါရီ ၆ ရက်က နေပြည်တော်တွင် တွေ့ဆုံစဉ်
#EROs #တော်လှန်ရေးအင်အားစုမျာ#ရွေးကောက်ပွဲကျင်းပနိုင်ရေး #ထိခိုက် #စစ်တပ်ထောက်ခံ #နိုင်ငံရေးပါတီ၂၄ပါတီ #Ayeyarwaddy_Times