
အယိုက်လင်း/ဧရာဝတီတိုင်းမ်
မတ် ၂၀ ရက်
ချင်းပြည်နယ်မြောက်ပိုင်း၊ မြို့နယ်များတွင် စစ်ကောင်စီမှ စစ်မှုထမ်းရန် စာရင်းများ ကောက်ခံနေပြီဖြစ်ကြောင်း ဒေသခံများထံက သိရှိရသည်။
ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့၊ ဖလမ်းမြို့၊ ဟားခါးမြို့တို့တွင် စစ်ကောင်စီမှ မတ်လ ၁၇ ရက်နေ့မှစ၍ မြို့ပေါ်ရပ်ကွက်ရှိ လူငယ်များကို စစ်မှုထမ်းရန် ကိုယ်ရေးအချက်အလက်များ ဖြည့်ခိုင်းကြောင်း သိရသည်။
“ကျွန်တော်တို့ တီးတိန်မြို့မှာ မတ်လ ၁၇ ရက်နေ့က ရပ်ကွက်ထဲက လူငယ်တွေကို စစ်မှုထမ်းဖို့ ဖောင်ဖြည့်ခိုင်းနေပြီ။ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားတွေ စာရင်းကောက်တာပါ။ အမျိုးသမီးတွေ မပါသေးဘူး။ အခု စစ်တပ်က မီးသတ်ရုံးနဲ့ စည်ပင်ရုံးတွေမှာ စခန်းချနေရာယူထားတယ် “ဟု တီးတိန်မြို့နေ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဟားခါးမြို့တွင် စစ်မှုထမ်းရန် စာရင်းလာကောက်သည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းလဲန်း ကာကွယ်ရေးတပ် (ဟားခါး)တို့ မတ်လ ၁၈ ရက်နေ့၊ မွန်းလွဲ ၂ နာရီခန့်က တစ်နှာရီကျော်ကြာ နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“စစ်တပ်တွေက စစ်မှုထမ်းဖို့ စာရင်းလာကောက်တာ။ ဟားခါးမြို့ ဂိတ်ရှေ့ရပ်ကွက်၊စျေးဟောင်းရပ်ကွက်၊ ပြည်တော်သာရပ်ကွက်တွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပစ်ခတ်မှုဖြစ်ပွားသွားတယ် “ဟု ဟားခါးမြို့နေ ပြည်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေအတည်ပြုပြီးနောက် ချင်းပြည်နယ်ရှိ လူငယ်များသည် ပြင်ပသို့ ထွက်ခွာမူ တစ်ရက်ထက် တစ်ရက်ပိုများပြားလာကြောင်း ဒေသခံများထံက သိရသည်။
“ကျွန်တော်တို့ မြို့ပေါ်မှာက စစ်တပ်ရဲ့ အုပ်ချုပ်မှူးအောက်မှာဘဲ ရှိသေးတယ်လို့ ပြောလို့ရတယ်။ နယ်ကျေးရွာဘက်မှာက ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက အပြည့်အဝ ထိန်းချုပ်ထားပါတယ်။ စစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေကြောင့် မြို့ပေါ်က လူငယ်တော်တော်များများဟာ ပြင်ပထွက်ခွာသွားကြတယ်။ အခုမြို့ထဲ ကျန်ခဲ့တဲ့ လူငယ်တွေဟာ မိဘတွေကို ပစ်ထားလို့မရတဲ့ လူငယ်တွေ၊ မိဘတွေကို လုပ်ကျွေးနေတဲ့ လူငယ်တွေ ဖြစ်ပါတယ်။ သူတို့တွေ အကြောင်းအမျိုးကြောင့်သာ ကျန်ခဲ့တာ ဖြစ်တယ် “ဟု ဖလမ်းမြို့နေ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဟားခါးမြို့တွင် စစ်မှုထမ်းရန် လူစာရင်းများ ကောက်ခံနေသည့် စစ်ကောင်စီနှင့် ပူးပေါင်းသည့် ဌာနဆိုင်ရာ ရုံးဝန်ထမ်းများကို စစ်ကောင်စီသဖွယ် သဘောထားပြီး လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း CDF(ဟားခါး)က မတ်လ ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
#ချင်းပြည်နယ်# တီးတိန်မြို့# ဖလမ်းမြို့#ဟားခါးမြို့#စစ်ကောင်စီ# ပြည်သူ့စစ်မှုထမ်းဥပဒေ #Ayeyarwaddy_Times