ဧရာဝတီတိုင်းမ်
မတ် ၁၉ ရက်

စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရဥပဒေဖြင့် ရပ်ကွက်နှင့်ကျေးရွာ အလိုက် စာရင်းကောက်ခံမှုများပြုလုပ်နေချိန်တွင် ရပ်ရွာဆယ်အိမ်မှူးမှစ၍ စစ်တပ်အရာရှိပိုင်း အထိ ၎င်းတို့၏ သားသမီးများကို စစ်မှုထမ်းသည့်စာရင်းတွင် မပါစေရန်အတွက် သန်းခေါင်စာရင်းမှ နာမည်စာရင်းများကို ပယ်ဖျက်နေကြောင်း သိရသည်။

စစ်မှုမထမ်းမနေရ ဥပဒေဖြင့် လူငယ်များစာရင်းကို လိုက်လံကောက်ယူပေးနေသည့် ရပ်ကွက်ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူး၊ စာရင်းကောက်ယူ‌သည့် အဖွဲ့မှူးနှင့် စစ်တပ် အရာရှိပိုင်းမှ ၎င်းတို့၏ မိသားစု၀င်သားသမီးများကို စစ်မှုထမ်းစာရင်းအတွင်း မပါ ၀င်စေရန် သန်းခေါင်စာရင်းထဲမှ ထုတ်ပယ်၍ သားသမီးများကိုပုန်း အောင်းနေခိုင်း ထားကြောင်း စစ်ကောင်စီ၏ အုပ်ချုပ်‌ရေးပိုင်းနှင့် နီးစပ်သည့်သူထံက သိရသည်။

“ဒီနေ့စာရင်းလာကောက်တော့ ကျွန်တော်တို့နဲ့သိတဲ့ ရာအိမ်မှူးမှာ အသက် ၂၀ ကျော်အရွယ် သား ၃ ယောက်ရှိတယ်။ ခင်ဗျားသားတွေရော မပါဘူးလား လို့မေး လိုက်တော့ မလိမ္မာလို့ သန်းခေါင်စာရင်းထဲက ထုတ်ပြီး နိုင်ငံခြားပို့လိုက်တယ်ပြောတယ်။ အဲဒီကောင်တွေက ရပ်ကွက်ထဲမှာပဲ နေနေတာ။ သူတို့သား သမီးတွေ စာရင်းထဲမပါဖို့ သန်းခေါင်စာရင်းထဲကထုတ်ထားတာ။ လူကြီးတိုင်း အဲဒီလိုလုပ်ထားတယ်လို့ သိရတယ်”ဟု သန်လျင်မြို့နယ် နံ့သာကုန်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

သန်လျင်မြို့နယ်ထဲရှိ ရပ်ကွက်အပိုင် ရာအိမ်မှူးဖြစ်သူက ၎င်း၏သားများကို သန်းခေါင်စာရင်းထဲမှ ထုတ် ပယ်ပြီး ရပ်ကွက်အတွင်း၌ ၎င်းတို့မှာ နိုင်ငံခြားတွင် အလုပ်သွားလုပ်နေပြီဖြစ် ကြောင်း လိမ်လည်ပြောဆိုထားသော်လည်း ရပ်ကွက်အတွင်း နေထိုင်သွားလာလျှက်ရှိကြောင်း သိရသည်။

ထို့အပြင် စစ်တပ်အရာရှိပိုင်းမှလည်း ၎င်းတို့၏သား သမီးများ စစ်မှုထမ်းဆောင်သည့် စာရင်းတွင် မပါ၀င်စေရန် အထက်အဆင့်ဆင့်စာများတင်၍ စစ်မှုထမ်းဥပဒေမှ ရှောင်လွှဲနိုင်ရန်ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

ယမန်နေ့ မတ်၁၈ရက်နေ့တွင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အများစု၌ စစ်မှုထမ်း ဆောင်ရန် စာရင်းများ ကောက်ယူပြီး မဲနှိုက်ရွေးချယ်မှုများ ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။

“ဒီနေ့ သန်လျင်နံ့သာကုန်းရပ်ကွက်မှာ စာရင်းထဲပါတဲ့ လူတွေအကုန်ခေါ်ပြီး မဲနှိုက်ခိုင်းတယ်။ နံ့သာကုန်းရပ်ကွက်ထဲမှာ အခုပထမသုတ်အတွက် လေးမဲ ခေါ်တယ်။ တစ်ယောက်ကတော့ သူ့ဘာသာ မဲမပါလည်း လိုက်မယ်ဆိုပြီး စာရင်းပေးလို့ ဒီတစ်သုတ်အတွက် ငါးမဲဖြစ်သွားတယ်။ စာရင်းသွင်းတဲ့အထဲ လူကြီးသား သမီးတစ်ယောက်မှ မပါဘူး” ဟု သန်လျင်မြို့နေ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်မှုထမ်းဆောင်ရန် မဲနှိုက်ရွေးချယ်ခံရသည့်သူများကို လာရောက်ခေါ်ဆောင်မည့် အချိန်ကာလမှာ တစ်မြို့နယ်တွင်ပင် တူညီမရှိဘဲ နံ့သာကုန်းရပ်ကွက်ရှိ လူငယ်များကို လာမည့် မေလတွင်လာရောက်ခေါ် ဆောင်မည်ဟု ပြောကြားခဲ့ပြီး ပဲခူးစုရပ်ကွက်ကိုမူ ယခုမတ်လကုန်တွင် လာရောက်ခေါ်ဆောင်မည်ဟု ပြောဆိုကြောင်း သိရသည်။

စစ်မှုထမ်းဥပဒေဖြင့် စစ်ကောင်စီကခေါ်ယူနေသည့် လူငယ်များကို ရပ်ကွက်အလိုက် မဲနှိုက်ရွေးချယ်နေပြီး ၎င်းတို့၏ပေးအပ်မည့် လစာငွေများကိုလည်း စစ်ကောင်စီက ပေးမည်မဟုတ်ဘဲ ရပ်ကွက်အလိုက်ကျခံ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-သန်လျင်မီဒီယာ
ပုံစာ- သန်လျင်မြို့ ပဲခူးစုရပ်ကွက်ရုံး၌ မတ်လ ၁၈ ရက်နေ့က ပြည်သူ့များကို စစ်မှုထမ်းရန် မဲနှိုက်ရွေးချယ်နေစဉ်

#စစ်မှုထမ်းဥပေဒ #ရာအိမ်မှူး #အုပ်ချုပ်ရေးမှူး #သားသမီးများ #စာရင်းမပါစေရန် #သန်းခေါင် စာရင်း #နာမည်များပယ်ဖျက် #Ayeyarwaddy_Times