
ဧရာဝတီတိုင်းမ်
မတ် ၁၉ ရက်
စစ်မှုထမ်းဥပဒေဖြင့် စစ်ကောင်စီကခေါ်ယူနေသည့် လူငယ်များကို ရပ်ကွက်အလိုက် မဲနှိုက်ရွေးချယ်နေပြီး ၎င်းတို့ကို ပေးရမည့် လစာငွေများကိုလည်း စစ်ကောင်စီက ပေးမည်မဟုတ်ဘဲ မြို့နယ် ရပ်ကွက်ရှိ အိမ်ထောင်စုအလိုက် နေအိမ်များမှ ပေးဆောင်ရမည်ဟု ပြောကြားမှုများရှိကြောင်း သိရသည်။
ယမန်နေ့ မတ် ၁၈ ရက်နေ့က သန်လျင်မြို့နယ်အတွင်းရှိ အောင်ချမ်းသာ၊ အေးသာယာ၊ အေးမေတ္တာတို့တွင် စစ်မှုထမ်းရန်အတွက် လူငယ်များ၏စာရင်းများကောက်ယူသွားပြီး ပဲခူးစုနှင့် ဗိုလ်ချုပ်ရပ်ကွက်တို့ တွင် စာရင်းကောက်ခံရသူများကို မဲနှိုက်ရွေးချယ်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။
“ရပ်ကွက်အလိုက် အသက်အရွယ်အလိုက် ကောက်ယူတာတွေ မတူဘူး။ အေးသာယာမှာဆိုရင် ၁၈ ကနေ ၃၅ ထိကောက်တယ်။ ကျန်တဲ့ရပ်ကွက်တွေမှာ ၂၀ ကနေ ၃၀ အတွင်းကို ကောက်တယ်။ ပဲခူးစုနဲ့ ဗိုလ်ချုပ်မှာတော့ မဲနှိုက်ရွေးပြီး စာရင်းပါတဲ့သူတွေကို ခေါ်မယ့်ရက်အကြောင်းကြားမယ်လို့ ပြောတယ်” ဟု သန်လျင်မြို့နယ်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် စစ်ကောင်စီလက်အောက်တွင် စစ်မှုထမ်းရမည့် လူငယ်များအနေဖြင့် လစာနှင့်အခြားစရိတ်အဖြစ် ငွေကျပ် ၄၇၀,၀၀၀ ခန့်အထိ ရနိုင်သည့်ဟု စစ်ကောင်စီ လော်ဘီများက ဝါဒဖြန့်ထားသည်။
စစ်ကောင်စီက ထိုသို့ဝါဒဖြန့်ထားသော်လည်း စစ်ကောင်စီတပ်တွင် စစ်မှုထမ်းရမည့် လူငယ်များအတွင် ပေးရမည့် လစာများကို မြို့နယ်၊ ရပ်ကွက်များရှိ အိမ်ထောင်စုအလိုက် ကောက်ခံ၍ ပေးဆောင်မည်ဖြစ်ကြောင်းသိရသည်။
“စစ်မှုထမ်းရမယ့်သူတွေကို လစာလည်းပေးမှာ။ ရပ်ကွက်ကလူတွေကလည်း ကောက်ခံပြီးတော့ လစာပေးမှာ။ တစ်အိမ်ကို ၃၀၀၀ ကောက်မယ်လို့ အရင်လျာထားတယ်။ အပြောင်းအလဲရှိရင်လည်း ပြောမယ်လို့ပြောတယ်”ဟု သန်လျင်မြို့နယ်တွင် နေထိုင်သူ အမျိုးသမီးက ဆိုသည်။
စာရင်းလာရောက်ကောက်ယူသည့် စစ်ကောင်စီလက် အောက်ခံအဖွဲ့များက စစ်မှု ထမ်းရန် ရွေးချယ်ခံရသည့်သူများကို လစာပေးအပ်မည်ဖြစ်ပြီး လစာငွေအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၃၀၀၀ လာရောက်ကောက်ယူမည်ဟု ပြောဆိုသွား ကြောင်း သိရသည်။
စစ်မှုထမ်းရမည့်သူများကို လစာပေးမည့်ကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီက ဖွဲ့စည်းထားသည့် ဆင့်ခေါ်ရေးဗဟိုအဖွဲ့၀င်တစ်ဦးက “လစာနဲ့ပတ်သက်ပြီးတော့ ဘာမှအတိအကျမထွက်နိုင်သေးပါဘူး။ အဆင့်လိုက်ကိုပေးမှာ။ အခုကတော့ သေချာ မပြောနိုင်သေးဘူး။ နည်းဥပဒေကတော့ ရေးဆွဲနေတုန်းပါ။ တပ်ထဲမှာလက်ရှိ ရှိနေတဲ့ စစ်သားတွေအတိုင်း အဲ့ဒီအတိုင်းပေးသွားမှာပါ”ဟု Myanmar Now သတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားထားသည်။
ထို့ပြင် စစ်မှုထမ်းဥပဒေအရ ခေါ်ယူသွားမည့်သူများကို လုပ်ထုံးလုပ်နည်းအရ ဆေးစစ်ခြင်း၊ အရပ်ပြည့်မီမှုမရှိခြင်း၊ အခြားနည်းဥပဒေအရ သတ်မှတ်ထားသည့် ပြစ်ချက်များကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ စစ်မှုထမ်းခိုင်းမည်ဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်က စစ်မှုမထမ်းမနေရဥပေဒကို စစ်ကောင်စီက အာဏာတည်ကြောင်း အသက်သွင်းလိုက်ပြီးနောက် ရပ်ကွက်နှင့်ကျေးရွာ အလိုက် လူငယ်၊ လူရွယ်များကို အတင်းအဓမ္မ တပ် သားသစ်စုဆောင်းနေပြီး စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ငွေညှစ်တောင်းဆိုမှုများ ပြုလုပ်နေကြောင်း သိရသည်။
အလားတူ အခြားပြည်နယ်နှင့်တိုင်းများတွင်လည်း စစ်ကောင်စီတပ်တွင် စစ်မှု ထမ်းရမည့် စစ်မှုထမ်းများအတွက် ပေးဆောင်ရမည့် လစာငွေကို ယင်းသို့ ကောက်ခံမည်ဟု ပြောဆိုမှုများရှိပြီး ကောက်ခံမည့် ငွေကြေးပမာဏမှာ တူညီမှုမရှိဘဲ အနိမ့်ဆုံး ၃၀၀၀(သုံးထောင်) ကျပ်မှစတင်၍ ဒေသအလိုက် ကွဲပြားမှုများရှိကြောင်း ဒေသခံများထံက သိရသည်။
ဓာတ်ပုံ-AFP
ပုံစာ-စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ တစ်ခုတွင် စစ်ကောင်စီတပ်သားက ပြည်သူ တစ်ဦးကို ဖမ်းဆီးနေစဉ် (ပုံဟောင်း)
#စစ်ကောင်စီ #စစ်မှုထမ်းဥပဒေ #စစ်မှုထမ်းရမည့်သူများ #လစာ #အိမ်ထောင်စုအလိုက် #ပြည်သူများ #ကောက်ခံပေးဆောင်မည် #Ayeyarwaddy_Times