
နွေဦးမောင်/ဧရာဝတီတိုင်းမ်
မတ် ၁၉ ရက်
ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ သင်္ကန်းညီနောင်နှင့် စိမ်းလဲ့မြိုင် အနီးတစ်ဝိုက်ကို စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း မြေပြင် တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
စစ်ကောင်စီသည် နေ့စဥ် လက်နက်ကြီးများဖြင့် ပစ်ခတ်နေရာမှ ယမန်နေ့ မတ်လ ၁၈ ရက်နေ့တွင် လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကိုပါ ဆက်တိုက် လုပ်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသည်။
“မနေ့ (မတ် ၁၈ ရက်) မနက်စောစော ၄ နာရီထိုးလောက်က လေယာဥ်သံ စကြားနေရတာ။ လက်နက်ကြီးထုသံတွေကတော့ အမြဲလိုလိုကြား နေရတာပဲ။ ည ၉ နာရီလောက်မှ ငြိမ်သွားပြီး လက်နက်ကြီးထုသံတွေကိုတော့ ဆက်တိုက် ကြားနေရတယ်” ဟု မြဝတီမြို့တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြေားသည်။
စစ်ကောင်စီသည် သင်္ကန်းညီနောင်၊ စိမ်းလဲ့မြိုင် နှင့် တုံတံတားကျေးရွာဘက်ရှိ တောင်ကုန်းများ၊ တောအုပ်များဆီသို့ ပစ်ခတ်နေခြင်းဖြစ်ပြီး ဝေ့ရှမ်းကျေးရွာ ဘက်တွင် လေယာဥ်ဖြင့် ဗုံးကြဲချ၍ မီးလောင်မှုများ ဖြစ်ပွားနေကြောင်း ဒေသခံများက ဆိုသည်။
စစ်ကောင်စီသည် မြဝတီမြို့နယ်အတွင်းတွင် ပိတ်ဆို့ စစ်ဆေးခြင်းများ ပြုလုပ်နေပြီး မြို့တွင်းရှိ ခလရ-၂၇၅ တပ်မှနေ၍ မြဝတီမြို့ပြင်ဘက်ရှိ လေးကေ့ကော်၊ တုံတံတား၊ စိမ်းလဲ့မြိုင်နှင့် ကားကြီးကွင်းအသစ်နေရာများကိုပါ လက်နက်ကြီးများဖြင့် မနားတမ်း ပစ်ခက်နေကြောင်းသိရသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ဖလူးစခန်း၊ သင်္ကန်းညီနောင်စခန်းများကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များက မတ်လ ဒုတိယပတ်မှစတင်၍ ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်ဆင်မှုအပေါ် စစ်ကောင်စီတပ်များသည် မြေပြင် စစ်ကြောင်းထိုး ဝင်ရောက်မှုများ လုပ်ဆောင်နိုင်ခြင်းမရှိ၍ အဝေးမှ လက်နက်ကြီး များဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို နေ့စဥ် ပြုလုပ်လာ နေကြောင်း တော်လှန်ရေးတပ်ဖွဲဝင်များထံက သိရသည်။
ဓာတ်ပုံ- စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ မီးလောင်ကျွမ်းနေစဉ်
#မြဝတီအနီး #သင်္ကန်းညီနောင် #စိမ်းလဲ့မြိုင် #စစ်ကောင်စီ #လေယာဥ်ဖြင့်ဗုံးကြဲ #Ayeyarwaddy_Times