“စစ်ကောင်စီကို မကြိုက်တဲ့ ပြည်သူလူထုသာမကဘဲ စစ်ကောင်စီကို အားပေးတဲ့ သူတွေမှာပါ မလုံခြုံတဲ့ အနေအထား၊ တရားဥပဒေ စိုးမိုးမှုမရှိတဲ့ ဒဏ်တွေ ခံနေရတယ်”

နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၁၉ ရက်

မြန်မာနိုင်ငံတွင် စစ်အုပ်စုက ၎င်းတို့အလိုကျ တစ်ဖက်သတ် ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပင် နဂိုကတည်းက လက်ခံခြင်းမရှိသော ဒေါ်သဉ္ဇာမြသည် အစိုးရအပြောင်းအလဲကို မျှော်လင့်နေသူ တစ်ဦး ဖြစ်ပါတယ်။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် တရားရေးဝန်ထမ်း အဆင့်(၃) ၊ မြို့နယ်တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဒေါ်သဉ္ဇာမြဟာ လုပ်သက်အားဖြင့် ၁၃ နှစ်ရှိနေပြီဖြစ်ပြီး စစ်ကောင်စီက မဲစာရင်းကို အကြာင်းပြပြီး အာဏာသိမ်းလိုက်တဲ့အခါမှာ ပြည်သူလူထုနည်းတူ ဒေါသထွက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ပြည်သူလူထုကို သနားတဲ့စိတ်၊ အာဏာရှင်ကို မနှစ်သက် မလိုလားသော ပကတိခံယူချက်တွေကြောင့် CDM လုပ်ဆောင်လာတဲ့ မြို့နယ်တရားသူကြီး ဒေါ်သဉ္ဇာမြရဲ့ စစ်အာဏာသိမ်းပြီးနောက် ဖြတ်သန်းကြုံတွေ့ခဲ့ရမှုများ၊ လက်ရှိကာလ တရားဥပဒေ စိုးမိုးမှု၊ မြန်မာ့လူ့အဖွဲ့အစည်းနဲ့ အမျိုးသမီးတွေရဲ့ အခြေအနေတွေကို ဧရာဝတီတိုင်းမ် သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

A-Time ။ ။ ဟုတ်ကဲ့ မင်္ဂလာပါ။ အရင်ဦးဆုံး နာမည်၊ ရာထူးနဲ့ CDM လုပ်ဖြစ်ပုံ သိပါရစေ။ ဘယ်လိုအရာတွေက CDM လုပ်ဖို့ တွန်းအားဖြစ်စေခဲ့ပါသလဲ။

DTZM ။ ။ ကျွန်မနာမည် ဒေါ် သဉ္ဇာမြ ဖြစ်ပါတယ်။ ရာထူးကတော့ မြို့နယ်တရားသူကြီးပေါ့နော်။ ညောင်ဦးမြို့နယ် ဖြစ်ပါတယ်။ တရားရေးဝန်ထမ်း အဆင့်(၃)။ အာဏာသိမ်းချိန်မှာ လုပ်သက်ကတော့ ၁၃ နှစ်ရှိသူ ဖြစ်ပါတယ်။ CDM လုပ်ဖြစ်ဖို့ တွန်းအားပေးခဲ့တာတွေကတော့ အများကြီးရှိတာပေါ့။ တရားရေးဝန်ထမ်း ဖြစ်တဲ့အတွက်ကြောင့် တရားစီရင်ရေးလောကနဲ့ ပတ်သက်ပြီးတော့ အစကတည်းက စိတ်ကုန်နေတာ၊ စိတ်ပျက်နေတာတွေ ရှိတယ်။

ပြုပြင်ပြောင်းလဲချင်နေတာတွေ ရှိတယ်။ ကိုယ်ဖြစ်ချင်နေတာက အစိုးရအပြောင်းအလဲ ဖြစ်ချင်နေတယ်။ အစိုးရ ပြောင်းလဲလာရင် ကျွန်မတို့ တရားစီရင်ရေးလဲ ပြောင်းလဲလာမယ် ဆိုပြီးတော့ အစိုးရအပြောင်းအလဲကို မျှော်လင့်နေသူပါ။ ကိုယ်လိုချင်တဲ့အစိုးရ က နိုင်ရဲ့သားနဲ့ကို အာဏာသိမ်းမှုဖြစ်တယ်။ အဲဒီမှာ ဒေါသက ပြည်သူလူထုနဲ့ အတူတူ ထွက်တာပေါ့နော်။ CDM မှာ ပါဝင်ဖို့ ဆုံးဖြတ်ချက် ချတဲ့အထိကို ဒေါသထွက်ခဲ့တယ်။

ပြည်သူလူထုက လမ်းပေါ်ထွက်တာကို ကျွန်မတို့ ခံစားရဆုံးပဲ။ သူတို့ အော်ဟစ်ပြီးတော့ တောင်းဆိုတဲ့ အချက်တွေကြည့်ပြီး သနားတဲ့စိတ်ပေါ့။ ပြည်သူလူထုကို သနားတဲ့အခါ ကိုယ်ရဲ့ ကိုယ်ကျိုးစီးပွားတွေ နောက်မှာထားပြီး CDM လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။

A-Time ။ ။ CDM လုပ်လာတဲ့အခါ ကြုံတွေ့ရင်ဆိုင်ရမှုနဲ့ မိသားစု အခြေအနေကို ပြောပြပေးပါဦး။

DTZM ။ ။ CDM လုပ်ဖို့ ခင်ပွန်းဖြစ်သူက သဘောမတူဘူး။ အာဏာသိမ်းချိန်မှာ ကျွန်မမှာ ငါးနှစ်ကလေးနဲ့ ၆ လကလေး ရှိတယ်။ ကျွန်မမိဘနဲ့ မောင်နှမကတော့ သဘောတူတယ်ပေါ့နော်။ သူတို့ရဲ့ အကူအညီနဲ့ပဲ ကျွန်မက CDM ပြုလုပ်ခဲ့တယ်။ ကြုံရတဲ့ အခက်အခဲကတော့ သူများတွေနဲ့ အတူတူပါပဲ။

A-Time ။ ။ လက်ရှိမှာ MoJ အပြင် NUG မှာလည်း ညွှန်ကြားရေးမှုးအဖြစ် ဆောင်ရွက်နေတယ်လို့ သိရှိရလို့ အဲဒါနဲ့ ပတ်သက်ပြီး သိပါရစေ။

DTZM ။ ။ CDM လုပ်ပြီးတဲ့အခါမှာ ပြည်တွင်းထဲမှာပဲ တောင့်ခံပြီး ဘယ်သူနဲ့မှ အဆက်အသွယ်မလုပ်ဘဲ နေခဲ့တယ်။ တော်လှန်ရေးပြီးမယ့်အချိန်ကို စောင့်နေခဲ့တယ်။ Facebook မှာ ကျွန်မရေးတာတွေတော့ လုပ်တယ်။ အဲဒီမှာ စစ်တပ်လော်ဘီ ဘညွန့်က ကျွန်မပို့စ်တွေကို Screenshot လုပ်ပြီး ဖမ်းပေးဖို့ တင်လာတယ်။

အဲဒီမှာ ကျွန်မ မနေရဲတော့ဘူး။ နောက်ဆုံး အမျိုးသားညီညွတ်ရေးအစိုး (NUG) ရဲ့ တရားရေးဝန်ကြီးဌာန (MoJ) နဲ့ ချိတ်ဆက်မိပြီး ကျွန်မ နယ်စပ်ဘက်ကို ပြေးလာခဲ့တယ်။ အဲဒီအချိန်ကတည်းက ကျွန်မကို ရာထူးနဲ့ တာဝန်ပေးခဲ့တယ်။ ကလေးတွေများတဲ့အတွက် ကျွန်မရဲ့တာဝန်က ဦးဆောင်တဲ့ကဏ္ဍက မဟုတ်ပါဘူး။ ကူညီပေးတဲ့ ကဏ္ဍကပါ။

A-Time ။ ။ အာဏာသိမ်းမှု အပါအဝင် လက်ရှိစစ်ကောင်စီရဲ့ လုပ်ဆောင်နေမှုတွေက ဥပဒေကြောင်းအရ ဘယ်လိုရှိပါသလဲ။

DTZM ။ ။ ဥပဒေအကြောင်းအရ ပြောမယ်ဆိုရင်တော့ အများကြီးရှိတာပေါ့နော်။ ဥပဒေနဲ့ မညီတဲ့အချက်ကတော့ ရှေ့မှာလည်း ပညာရှင်တွေ အများကြီး ပြောသွားပြီးပါပြီ။ သူတို့က ၂၀၀၈ (ဖွဲ့စည်းပုံ အခြေခံဥပဒေ) ကို ကိုင်ဆွဲတယ်။ ၂၀၀၈ ကို အစကတည်းကိုက ကျွန်မတို့ လက်မခံနိုင်တဲ့ဟာ ဖြစ်နေတယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ အာဏာသိမ်းတာကိုလည်း ကျွန်မတို့ လက်မခံနိုင်ဘူး။ ဥပဒေမှာ နှစ်မျိုးရှိတာကိုး။

တချို့ကကျတော့ ဥပဒေဆိုရင် လိုက်နာရမယ်၊ မှားသည်မှန်သည် ပြောတယ်။ ဒါကို ဥပဒေပညာရှင်တချို့က လက်ခံထားတုန်းပဲ။ တခြားတစ်ဖက်က အယူအဆကျတော့လည်း ဥပဒေမှန်တိုင်း လက်ခံစရာ မလိုဘူး၊ အဲဒီဥပဒေက တရားမှ လက်ခံမယ်။ မတရားဘူးဆိုရင် ဆန့်ကျင်ရမယ်ဆိုတဲ့ ဒီအယူအဆတစ်ခုကလည်း ထွန်းကားလာတယ်။ ကျွန်မတို့ကတော့ အဲဒီအယူအဆကို ကိုင်စွဲတဲ့သူပေါ့။
၂၀၀၈ (ဖွဲ့စည်းပုံ အခြေခံဥပဒေ) တည်မြဲနေတဲ့အတွက် ဒီဥပဒေကိုပဲ လက်ခံရမယ်ဆိုတဲ့ အထဲမှာတော့ ကျွန်မတို့ မပါဘူး။ အဲဒါကြောင့်မို့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေက အာဏာသိမ်းတာအပါအဝင် နောက်ဆက်တွဲ အကုန်လုံးက ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေလို့ ခံယူထားပါတယ်။

A-Time ။ ။ စစ်အာဏာသိမ်းပြီးနောက် တရားဥပဒေ စိုးမိုးရေး၊ အထူးသဖြင့် တရားစီရင်ရေးက ဘယ်လိုဖြစ်လာတယ်လို့ မြင်မိပါသလဲ။

DTZM ။ ။ တရားဥပဒေ စိုးမိုးရေးပေါ့နော်။ တရားဥပဒေ စိုးမိုးရေးက စစ်ကောင်စီကို မကြိုက်တဲ့ ပြည်သူလူထုသာမက စစ်ကောင်စီကို အားပေးတဲ့ သူတွေမှာပါ မလုံခြုံတဲ့ အနေအထား၊ တရားဥပဒေ စိုးမိုးမှုမရှိတဲ့ ဒဏ်တွေ ခံနေရတယ်။ စီးပွားရေး ကျပ်တည်းတာရဲ့ နောက်ဆက်တွဲ ရာဇဝတ်မှုတွေ ထူပြောလာတယ်။ အဖက်ဖက်က မလုံခြုံမှုတွေ ခံစားနေရတယ်။

A-Time ။ ။ လက်ရှိကာလမှာ မြန်မာနိုင်ငံက အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ အခြေအနေကရော ဘယ်လိုရှိပါသလဲ။ ဘယ်လောက်အထိ အခွင့်အရေးတွေ ဆုံးရှုံးနေသလဲ။

DTZM ။ ။ ကျွန်မတို့လို ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့၊ ပညာလည်း သင်ယူထားတဲ့ အမျိုးသမီးတွေမှာတောင် နစ်နာတဲ့အချက်တွေ ရှိတယ်။ အနိုင်ကျင့် ခံရတာတွေရှိတယ်။ အဲတော့ ပညာလည်း မတတ်၊ စီးပွားရေးလည်း ချို့တဲ့သူတွေဆိုရင် မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ အမျိုးသမီးတွေ ခံနေရတာ အများကြီးရှိတယ်။ အခုလိုမျိုး တိုင်းပြည်မငြိမ်မသက် ဖြစ်နေတယ်ဆိုတော့ ပိုဆိုးသွားပြီပေါ့။

မိသားစုထဲမှာလည်း အိမ်တွင်းအကြမ်းဖက်မှုတွေ ပိုရှိလာတယ်။ အရင်တုန်းက ရှိတာတောင်မှ မိသားစုအတွင်း အိမ်တွင်းအကြမ်းဖက်မှုဆိုရင် တရားရုံးကို ရောက်တာနည်းတယ်။ နည်းပြီးတော့ “အတွင်းထရံ အပြင်မကာနဲ့” ဆိုတာမျိုးနဲ့ မြန်မာလူမှုအသိုင်းအဝိုင်းမှာ မိန်းကလေးတွေဟာ တော်ရုံမတိုင်ဘူး။ ကိုယ့်ယောင်္ကျားက ကိုယ့်ကိုရိုက်တာမျိုးတွေပေါ့နော်။ တအားကို ဆိုးဝါးလာမှသာ တရားရုံးတွေ တိုင်ကြတယ်။

တိုင်ပြီးလို့ရှိရင် တော်တော်များများ ရုပ်သိမ်းကြတာ တွေ့ရတယ်။ တရားရုံးတွေမှာပေါ့နော်။ နောက် ကိုယ့်ခြေထောက်အပေါ် ကိုယ်မရပ်နိုင်၊ သူတို့ကို မှီခိုရတော့လည်း အများကြီး သည်းခံပြီး နေရတာရှိတဲ့ လူမှုအသိုင်းအဝိုင်းမျိုးပေါ့နော်။ အခုဆိုရင် စီးပွားရေး ကျပ်တည်းတဲ့ဒဏ်၊ စစ်ဒဏ်တို့ကို ခံရမှာ အများဆုံးကတော့ အမျိုးသမီးတွေပဲ ဖြစ်လိမ့်မယ်လို့ ကျွန်မထင်တယ်။ အရမ်းကို ဆိုးဝါးနေလိမ့်မယ်လို့ ထင်ပါတယ်။

A-Time ။ ။ နောက်ဆုံးမေးလိုတာက တော်လှန်ရေးမှာ အမျိုးသမီးတွေ ပါဝင်မှုက ဘယ်လိုရှိတယ်လို့ မြင်မိပါသလဲ၊ အမျိုးသမီးတွေအတွက် ဘာတွေ ဆောင်ရွက်ပေးစေချင်လဲ။

DTZM ။ ။ အခုအနေအထားမှာတော့ ကျွန်မတို့ တစ်နိုင်ငံလုံးက ဒုက္ခရောက်နေတာ ဖြစ်တဲ့အတွက် မိန်းကလေးတွေကို ဘယ်လိုလုပ်ပေးမှာပါလို့ ဘယ်သူ့ကိုမှ မဆိုချင်ဘူး။ ကျွန်မတို့ အစိုးရဆိုလည်း တော်လှန်ရေးမှာ လုပ်စရာတွေ အများကြီးရှိနေတာ ဖြစ်တဲ့အတွက် ကျွန်မတို့အတွက် လုပ်ပေးပါလို့ကတော့ ပြောလို့မရသေးဘူးပေါ့နော်။ မိန်းကလေးတွေ တစ်တပ်တစ်အား ပါဝင်နေတာကို လက်ခံပေးဖို့လောက်ပဲ ပြောချင်ပါတယ်။ ဒီတော်လှန်ရေးက မိန်းကလေးတွေ ပါကိုပါသင့်တယ်လို့ ကျွန်မထင်တယ်။

ဒီထက်မကလည်း ပိုပါသင့်သေးတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမိုကရေစီစနစ် မထွန်းကားလို့ရှိရင် ကျွန်မတို့ မိန်းကလေးတွေက အနစ်နာဆုံးဖြစ်မှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ မိန်းကလေးတွေရဲ့ ဘဝက ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံတွေမှာဆို ဘယ်လိုရှိသလဲဆိုတာ လေ့လာလို့ရှိရင် ကိုယ်တွေက ဘယ်လိုအနေအထားမှာ ဖြစ်နေတယ်။ ကျွန်မတို့ ဒီထက်ပိုပြီး အခွင့်အရေးတွေ ရနိုင်တယ်ဆိုတာ ပိုလေ့လာပါ။ အဲ့ဒီဘဝမျိုးရအောင် ပိုကြိုးစားသင့်တယ်။ ကြိုးစားပေးနိုင်တဲ့ သူတွေကလည်း ပိုပြီးတော့ ကြိုးစားပေးသင့်တယ်။

A-Time ။ ။ ဟုတ်ကဲ့။ ဖြည့်စွက်ပြောလိုတာများ ရှိဦးမလား။
DTZM ။ ။ ဖြည့်စွက်ပြောလိုတာကတော့ မရှိတော့ပါဘူး။

A-Time ။ ။ ဟုတ်ကဲ့။ အခုလိုအချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
DTZM ။ ။ ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။

#တရားရေးဝန်ထမ်းအဆင့်၃ #မြို့နယ်တရားသူကြီး #ဒေါ်သဉ္ဇာမြ #CDM #အမျိုးသမီးကဏ္ဍ #အင်တာဗျုး #Ayeyarwaddy_Times

( မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့်အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင်နေသည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက်ပေးနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။