ဧရာဝတီတိုင်းမ်
မတ် ၁၉ ရက်

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့တွင်းရှိ စက်သုံးဆီဆိုင်ကြီးများတွင် ဓာတ်ဆီများပြတ်တောက်နေသည်ဟုအကြောင်းပြ၍ မှောင်ခိုအဖြစ် တစ်လီတာလျှင်ငွေ ၅၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်ကြား ဝယ်ယူနေရကြောင်း ဒေသခံများထံကသိရသည်။

ငါးသိုင်းချောင်းမြို့တွင်းရှိ ဆန်းသစ်အောင်၊ ညွှန့်နှင့် ရွှေငဝန် စသည့် စက်သုံးဆီဆိုင်ကြီးများတွင်ပြီးခဲ့သည့် မတ်လ ၁၃ရက်နေ့ကစပြီး 92 နှင့် 95 အမျိုးအစားများ ပြတ်တောက်နေသည် ဟု အကြောင်းပြ၍ စက်သုံးဆီရောင်းချမှုရပ်တန့်ထားကြောင်း မြို့ခံများထံသိရသည်။

“ဆီတွေပြတ်တယ်ဆိုပြီးတော့ မရောင်းတော့တာ ငါးရက်လောက်ရှိနေပြီ။ အကုန်ပြတ်နေတာဆိုပြီး ဆိုင်မှာပေါ်တင်မရောင်းတော့ဘူး။ မှောင်ခို ပုံစံနဲ့ပဲဝယ်လို့ရတော့တယ်”ဟု မြို့ခံဆိုင်ကယ် ကယ်ရီပြေးဆွဲသူတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

ယင်းကဲ့သို့ စက်သုံးဆီများ ပြတ်တောက်နေသည်ဟုအကြောင်းပြထားသော်လည်း စက်သုံးဆီဆိုင်ကြီးများ၌ ညနေ ၆နာရီကစပြီး မှောင်ခိုဈေးကွက် အဖြစ် 92 တစ်လီတာလျှင် ၅၀၀၀ ကျပ်နှင့် 95 အမျိုးအစား တစ်လီတာလျှင် ၁၀၀၀၀ ကျပ် အထိ ဝယ်ယူနေရကြောင်းဒေသခံများထံကသိရသည်။

“ဆိုင်မှာ ဆီအရောင်းပြတ်တယ်ဆိုပြီးတမင်တကာ ကိုမရောင်းတာ။ တကယ်ကမှောင်ခို ရောင်းချင်လို့အကြောင်းပြတာ။ 92 ဆို အပြင်မှာ ၃၀၀၀ ဆို မှောင်ခိုမှာက ၅၀၀၀ ပေါက်တယ်။ 95 ဆို အပြင်မှာက ၄၀၀၀ ဆို မှောင်ခိုမှာဆို ၁၀၀၀၀ လောက်ပေါက်နေပြီ။ အဲတာတောင် လူတိုင်းဝယ်မရဘူး။ သူတို့နဲ့သိတဲ့လူတွေလောက်ပဲဝယ်လို့ရတယ် “ဟု ဒေသခံတောင်သူတစ်ဦးကဆိုသည်။

အလားတူ ငါးသိုင်းချောင်းမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလကစပြီး မြို့တွင်းရှိ စက်သုံးဆီဆိုင် ကြီးများတွင် သတ်မှတ်ထားသည့်ဈေးနှုန်းအတိုင်း ရောင်းချခြင်းမရှိပဲ မှောင်ခိုအဖြစ် မူလဈေးနှုန်းထက် နှစ်ဆမြှင့်ကာရောင်းချမှုများ ရှိနေကြောင်းဒေသခံများထံကသိရသည်။

#ငါးသိုင်းချောင်းမြို့ #စက်သုံးဆီဆိုင် #ငွေပိုတောင်း #မှောင်ခိုရောင်းချ #Ayeyarwaddy_Times