
ဧရာဝတီတိုင်းမ်
(မင်းလှ)၊ မတ် ၁၉ ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ဟိုင်းယုကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း အထိနာခဲ့သည့် စစ်ကောင်စီတပ်က ဟိုင်းယုရွာကို ပြီးခဲ့သည့် မတ် ၁၃ ရက်မှ ၁၇ ရက်နေ့အထိမီးရှို့ခဲ့ရာ ဘာသာရေးအဆောင်အအုံများအပါအဝင် နေအိမ် ၁၀၀ ကျော် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်များသည် အင်အား ၁,၀၀၀ နီးပါးအသုံးပြုကာ ဟိုင်းယုရွာကို ဒရုန်းများ၊ လက်နက် ကြီးများ အသုံးပြုကာ နေ့စဉ်ပစ်ခတ်ခဲ့သည့်အတွက် မူလတန်းလွန်ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း၊ ကျေးလက်ဆေးပေးခန်းများ အပါအဝင် ဒေသခံနေအိမ် ၁၀၀ ကျော် မီးလောင်းကျွမ်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“မီးဝင်ရှို့တာလဲပါမယ်လို့ထင်တယ်။ ရွာမှာက နဂိုထဲကစစ်ဘေးရှောင်နေကြတယ်ဆိုပေမဲ့ အိမ်ကြီးအိမ်ကောင်းတွေကြီးပဲ။ အခုက မီးထဲပါသွားပြီဆိုတော့ ပြည်သူတွေက တော်တော်လေးစိတ်ဓာတ်ကျကုန်ကျတယ်။ အခုကတော့စစ်တပ်က ဟိုင်းယုလမ်းဆုံစခန်းကို ပြန်ဆုတ်သွားပြီ။ တိုက်ပွဲတွေကလည်း ဆက်ရှိနေတယ်။ ဖုန်းလိုင်းတွေဖြတ်ခံထားရတော့ ရှေ့တန်းကရဲဘော်တွေနဲ့ သေချာအဆက်အသွယ်မရတော့ အသေးစိတ်မသိရဘူးဖြစ်နေတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၅ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦး က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်များသည် ၎င်းတို့ ဟိုင်းယုလမ်းဆုံစခန်းသို့ ပြန်လည်မဆုတ်ခွာမီတွင် ပဲခူးရိုးမအတွင်း တော်လှန်ရေးတပ်ဖွဲ့များ ရှိနိုင်မည်ထင်သည့်နေရာများကို ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ် ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲအတွင်းတွ လက်နက်ကြီး လက်နက်အင်အားမမျှသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များက နောက်ဆုတ်ပေးခဲ့ရပြီး ၄၀-မမ နှစ် လက်၊ ၄၀ -မမ သေနတ်ပြောင်း လေး ခု၊ လက်လုပ်သေနတ် ၂၃ လက်၊ စကားပြောစက် တစ်လုံး၊ ဆိုင်ကယ် နှစ် စီး ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် ပြီးခဲ့သည့် မတ် ၇ ရက်နေ့မှ စတင်ကာ ၁၇ ရက်နေ့အထိ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တိုက်ပွဲစတင်သည့် လေး ရက်တာကာလအတွင်း စစ်ကောင်စီဘက်မှ ၈၀ ဦးဝန်းကျင်ထိခိုက်သေဆုံးခဲ့သည့်အတွက် ယခုကဲ့သို့ ကျေးရွာမီးရှို့မှုများကို ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့
#မင်းလှ #ဟိုင်းယုကျေးရွာ #မီးရှို့ခံရ #စစ်ကောင်စီ #PDF #တိုက်ပွဲဖြစ်ပွား #Ayeyarwaddy_Times