
မြရာ/ဧရာ၀တီတိုင်းမ်
မတ် ၁၉ ရက်
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (-)ရပ်ကွက်အတွင်းရှိ လူငယ်များကို စုရုံးခေါ်ဆောင်ပြီး စစ်မှုထမ်းရန်မဲနှိုက်ခိုင်းသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များကို မီးပျက်သွားချိန်တွင် ရပ်ကွက်နေပြည်သူများက ဝိုင်း၀န်းထုနှက်ခဲ့ကြကြောင်း သိရသည်။
ဒဂုံမ်ြု့သစ်တောင်ပိုင်းမြို့နယ် (-)ရပ်ကွက်တွင် ယမန်နေ့ မတ် ၁၈ ရက်နေ့ ညပိုင်းက မဲနှိုက်ရန်အတွက် ရပ်ကွက်နေပြည်သူများကို စုရုံးခေါ်ဆောင်ထားစဉ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က မဲမသမာမှု ပြုလုပ်သည့်အတွက် လျှပ်စစ်မီးပြတ်တောက်သွားချိန်တွင် အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့ကို ရပ်ကွက်နေပြည်သူများက ဝိုင်း၀န်းထုနှက်ရိုက်ပုတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“ညက မဲနှိုက်ဖို့ဆိုပြီးခေါ်လို့ အကုန်လုံးရပ်ကွက်ဓမ္မာ ရုံမှာ စောင့်နေကြတုန်း မီးကပြတ်သွားရော။ အဲဒီအချိန်မှာ မီးပြတ်တုန်း ထုနှက်ရိုက်ကြတာဟေ့။ မီးကလည်းပြတ်နေတော့ ဘယ်သူတွေရိုက်မှန်းလည်း မသိဘူး။ ညကမနှိုက်လိုက်ရတော့ ဒီနေ့တော့ စစ်တပ် တပ်စွဲထားတဲ့ နေရာကိုခေါ်ထားတယ်”ဟု တောင်ဒဂုံ မြို့နယ်နေ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ယင်းသို့ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များက မီးပြတ်ချိန် တွင် ရိုက်နှက်ခံရသည့်အတွက် ရပ်ကွက်တွင်း၌ မဲနှိုက်ခြင်းမပြုလုပ်တော့ဘဲ စစ်ကောင်စီတပ် တပ်စွဲ ထားသည့် ဒဂုံတောင်ပိုင်းအားကစားကွင်းတွင် ယနေ့ မတ် ၁၉ ရက်ညနေပိုင်းအချိန်တွင် မဲနှိုက်ရမည်ဟု ပြောဆိုထားကြောင်း သိရသည်။
အဆိုပါ ရပ်ကွက်တွင် အပိုင်းသုံးပိုင်းရှိရာ ယမန်နေ့ အပိုင်း (၁) တွင် မဲစနှိုက်စဉ်ကတည်းက အုပ်ချုပ်ရေးမှူးများ ရိုက်နှက်ခံလိုက်ရသည့်အတွက် စစ်တပ်အထိုင်ချထား သည့်နေရာတွင် ပြောင်းလဲလုပ်ဆောင်သွားမည်ဖြစ် ကြောင်း သိရသည်။
ထိုရပ်ကွက်တွင်းသို့ လူရွေးချယ်မှုမပြုလုပ်မီ စာရင်း များလိုက်လံကောက်ခံစဉ် စစ်ကောင်စီလက် အောက်ခံ အမျိုးသမီး၀န်ထမ်းများနှင့် အုပ်ချုပ်ရေး အဖွဲ့၀င်များ၏ ဇနီးမယားများက စာရင်းလိုက်လံကောက်ယူပြီး လူငယ်အမျိုးသားမရှိသည့်နေအိမ်များ ကို ကြိမ်းမောင်းပြောဆိုမှုများရှိကြောင်း သိရသည်။
အလားတူ ယမန်နေ့ကလည်း သန်လျင်မြို့နယ် ကုလားဝဲကျေးရွာတွင် နေအိမ် တစ်အိမ်ထဲမှ အမျိုးသားသုံးဦးလုံး စစ်မှုထမ်းရန် မဲပေါက်သည့်အတွက် အုပ်ချုပ် ရေးမှူးကို ကလိန်ကကျစ်ကျသည်ဟုဆိုကာ ခေါင်းရိုက်ခွဲခဲ့ကြောင်း သိရသည်။
ထို့အပြင် ဒေါပုံမြို့နယ်တွင်လည်း မဲနှိုက်ရန်စုဝေး ရောက်ရှိနေစဉ် အုပ်ချုပ်ရေးမှူး အဖွဲ့များနှင့် ရုန်းရင်း ဆန်ခတ်ဖြစ်ခဲ့ကြကြောင်း ဒေသခံများထံက သိရသည်။
ပုံစာ-ရန်ကုန်တော်လှန်လူငယ်များစုပေါင်း၍ မတ်လ ၁၇ ရက်နေ့ကပြုလုပ်သည့် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်လှုပ်ရှားမှုကိုတွေ့ရစဉ်
#ရန်ကုန် #ဒဂုံမြို့သစ်တောင်ပိုင်း #စစ်မှုထမ်းမဲနှိုက် #မီးပြတ်ချိန် #ဝိုင်း၀န်းရိုက်နှက် #Ayeyarwaddy_Times