
ဇလပ်ဖြူ/ဧရာဝတီတိုင်းမ်
မတ် ၁၉ ရက်
စစ်ကိုင်းတိုင်း၊ကလေးမြို့၊ စမ်းမြို့ရပ်ကွက်၊ တာဟန်း KBZ-2 ဘဏ်ရှေ့တွင် ယမန်နေ့ မတ်လ ၁၈ရက်နေ့နံနက် ၉နာရီခန့်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွါးခဲ့၍ ဆိုက်တွဲမောင်းနှင်လာသောသားအဖနှစ်ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူများမှာ အသက် ငါးနှစ်အရွယ် ဒေးဗစ်ထန်ရှမ်းဗန်နှင့် ဖခင်ဦးထန်ဆွမ်းပေါင် တို့အသားအဖနှစ်ဦးဖြစ်ကာ ဆိုက်တွဲဆိုင် ကယ်ဖြင့် မြို့ထဲမှအပြန် စမ်းမြို့တံတားထိပ် တွင်ပေါက်ကွဲမှုဖြစ်ပွါး၍ နေရာတွင်ပင်ပွဲချင်းပြီး သေဆုံးကြောင်းသိရသည်။
“ကျွန်တော့်ရှေ့တင်ဖြစ်တာ။ ရုတ်တရက် ဝုန်းခနဲပေါက်ကွဲတာ။ချက်ချင်းပဲ အဲ့နေရာမှာ သွေးအိုင်ကြီးဖြစ်သွားတယ်။ကျွန်တော်တို့လည်းဖြစ်ဖြစ်ချင်း ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားတယ်” ဟု မျက်မြင်တွေ့ရှိသူ ကလေးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စမ်းမြို့၊တာဟန်း၊တောင်ဇလပ်၊တောင်ဖီလာ၊ မွန်းလိုင်ရပ်ကွက်များတွင် လက်တလော စစ်ကောင်စီ၏လက်နက်ကြီး ကျရောက်ပေါက် ကွဲမှု၊ ဗုံးပေါက်ကွဲမှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုပိုမိုများပြားလာကြောင်းနှင့် ပြည်သူများအနေဖြင့်အသွားအလာ အနေ အထိုင် သတိထားကြစေလိုကြောင်း ကလေးကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးကလည်းပြောသည်။
လက်ရှိ ကလေးမြို့နယ်တွင်တိုက်ပွဲများလည်းပြင်းထန်နေကာ ကလေးမြို့နယ်မြောက်ပိုင်း ပျဥ်းခုံကြီး၊ပျဥ်းခုံလေး၊ ကျောင်းတိုက် စသည့်ကျေးရွာများကို စစ်ကောင်စီက မတ်လ ၁၇ရက်နေ့မှစ၍ ယနေ့အထိ မီးရှို့နေကြောင်း သိရသည်။
ပုံ – Zalen Media Group
ပုံစာ – ပေါက်ကွဲမှုကြောင့် သေဆုံးမှုနှင့် ပျက်စီးမှုအခြေအနေ
#စစ်ကိုင်းတိုင်း #ကလေးမြို့ #ပေါက်ကွဲမှု
#ကလေးသူငယ် #အရပ်သား #ထိခိုက်သေဆုံး #Ayeyarwaddy_Times