ဧရာဝတီတိုင်းမ်
မတ် ၁၈ရက်

ရခိုင်ပြည်၊ ရသေ့တောင်မြို့ အခြေစိုက်တပ်ရင်းများဖြစ်သည့် ခမရ-၅၃၆ ၊ ၅၃၇ နှင့် ၅၃၈ တပ်ရင်း သုံး ခုစလုံးအား ရက္ခိုင့်တပ်တော် (AA) က အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ပြီး မြို့ကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် (AA) သည် ရသေ့တောင်မြို့ကို ယမန်နေ့ မတ် ၁၇ ရက်၊ ညနေ ၄ နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီး ဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ရသေုတောင်ကို ကြည်း၊ ရေ၊ လေပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန်ခုခံနေသည့် ကြားမှ အဆိုပါ တပ်ရင်း သုံး ခုစလုံးကို နှစ်ပတ်ခန့် ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် ယခုကဲ့သို့ သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စခန်းများအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ခန့်သည်၂၀၀ စစ်သင်္ဘောများဖြင့် ကိုယ်လွတ်ရုန်း ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

ထိုသို့ ထွက်ပြေးလွတ်မြောက်သွားသော်လည်း စစ်မှုထမ်းဥပဒေအားခုတုံးလုပ်၍ စစ်ကောင်စီက လောလော လတ်လတ် စစ်သင်တန်းပေးထားသည့် မူဆလင်အချို့၏ အလောင်းများ၊ စစ်ကောင်စီတပ်သား အလောင်းများ၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟု AAက ထုတ်ပြန်ထားသည်။

လက်ရှိတွင် AA သည် ပလက်ဝ၊ ဆမီး၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ နှင့် ယခု ရသေ့တောင်အပါအဝင် တိုက်ခိုက်သိမ်းပိုက်ထားသည့် မြို့ပေါင်း ၁၀မြို့ရှိလာပြီ ဖြစ်သည်။

ထို့အပြင် ဘူးသီးတောင်နှင့်မောင်တောရှိ စစ်ကောင်စီ စခန်းများကို တိုက်စစ်အရှိန်မြင့် ဆက်လက်တိုက်ခိုက်လျက်ရှိကြောင်း AAက ထုတ်ပြန်ထားသည်။
#ရသေ့တောင် #စစ်ကောင်စီ #ခမရ၅၃၆ #ခမရ၅၃၇ #ခမရ၅၃၈ #AAထိန်းချုပ် #Ayeyarwaddy_Times