ဧရာဝတီတိုင်းမ်
မတ် ၁၈ ရက်

ထိရှလွယ်သော ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် တင်းမာမှုတွေ မြင့်တက်နေစဉ် တရုတ်နိုင်ငံနဲ့ ကပ် လျှက်တည်ရှိတဲ့ ကျွန်းစုတစ်ခုအနီး ကန့်သတ်ရေပိုင်နက်အတွင်း တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့မှ သင်္ဘောတွေ နှစ်ရက်ဆက်တိုက် ဝင်ရောက်ခဲ့တာကို ထိုင်ဝမ်က သတိပေးလိုက်ပါတယ်။

စနေနေ့မနက်က ထိုင်ဝမ်ထိန်းချုပ် Kinmen ကျွန်းအနီး ကန့်သတ်ရေပိုင်နက်အတွင်း တရုတ် ကမ်းခြေ စောင့်တပ်ဖွဲ့မှ သင်္ဘောလေးစင်း ဝင်ရောက်ခဲ့တယ်လို့ ထိုင်ဝမ် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

ထိုင်ဝမ်အာဏာပိုင်တွေက ကန့်သတ်ရေပိုင်နက်အတွင်းမှ ထွက်ခွာသွားဖို့ တောင်းဆိုခဲ့ပေမယ့် တရုတ် စစ်သင်္ဘောတွေက တစ်နာရီကျော်ကြာ နေခဲ့တယ်လို့ ထိုင်ဝမ် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြှင့်လုပ်ဆောင်ခဲ့ ပြီး လေကြောင်းရန် ကာကွယ်ရေးဇုန်အတွင်း နေ့စဉ်နီးပါး ကျူးကျော်ဝင်ရောက်ခဲ့ပါတယ်။

ထိုင်ဝမ် ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောတစ်စင်းက တရုတ်သင်္ဘောနှစ်စင်းရဲ့ လှုပ်ရှားမှုတွေကို အနီးကပ် ခြေရာခံနေတဲ့ ရုပ်သံဖိုင်တစ်ခုကို ထိုင်ဝမ်က ထုတ်ပြန်ခဲ့ပါတယ်။

တားမြစ်ထားတဲ့ ရေပိုင်နက်အတွင်း ဝင်ရောက်ခဲ့တဲ့ တရုတ်သင်္ဘောတစ်စင်းကို ထိုင်ဝမ် ကမ်းခြေစောင့် တပ်ဖွဲ့က လိုက်လံမောင်းထုတ်ရာ ရှောင်ပြေးဖို့ကြိုးစားရင်း တရုတ်နိုင်ငံသားနှစ်ဉီး သေဆုံးခဲ့တဲ့ ပြီးခဲ့တဲ့လနောက် ပိုင်း တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့ဟာ Kinmen ကျွန်းအနီး ပုံမှန်ကင်းလှည့်မှုတွေ စတင်ခဲ့ပါတယ်။

တရုတ်နိုင်ငံက ထိုင်ဝမ်ကို အရှက်ရအောင် ဆက်လက်ပြုလုပ်နေပြီး သတင်းစကားတွေ ပေးပို့နေတာလို့ အမည်မဖော်လိုတဲ့ ထိုင်ဝမ် အကြီးတန်းအရာရှိတစ်ဉီးက ပြောပါတယ်။

Kinmen ကျွန်းစုအနီး တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ နောက်ဆုံးအကြိမ်လုပ်ရပ်က လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုမဟုတ်ပေမယ့် အခြေအနေကို ရှုပ်ထွေးစေခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

ကိုးကား – Reuters
Ref; Taiwan warns off Chinese coast guard boats as tensions simmer

#Ayeyarwaddy_Times