ဧရာဝတီတိုင်းမ်
မတ် ၁၈ ရက်

ထိုင်းနိုင်ငံမြောက်ပိုင်းက လေထုညစ်ညမ်းမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ လာမယ့်နှစ်မှာ အိမ် နီးချင်းတိုင်းပြည်တွေကနေ ပြောင်းသီးနှံတင်သွင်းမှုကို ထိုင်းအစိုးရက ပိတ်ပင်မယ်လို့ သိရပါတယ်။

တောမီးနဲ့ မီးခိုးမြူ ကာကွယ်ရေးနဲ့ပတ်သက်လို့ နိုင်ငံ့အဖွဲ့အစည်းတွေရဲ့ ကြိုတင်ကာကွယ်ရေး အစီအမံတွေကို စစ်ဆေးဖို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin ဟာ စနေနေ့က ချင်းမိုင်မြို့ကို သွား ရောက်ခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာ ပြောင်းသီးနှံတင်သွင်းမှု ပိတ်ပင်ဖို့ကိစ္စနဲ့ပတ်သက်ပြီး ကမ္ဘောဒီးယားနဲ့ လာအိုမှ ဝန်ကြီးဌာနတွေအပြင် မြန်မာစစ်တပ် ကာကွယ်ရေးဉီးစီးချုပ်နဲ့ ဆွေးနွေးခဲ့ပြီးပြီလို့ သူက ဆိုပါတယ်။

“အခြားတိုင်းပြည်တွေရဲ့ အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက်လို့ မရဘူးဆိုတာ ကျွန် တော် နားလည်ပေမယ့် စိုးရိမ်စရာအခြေအနေ ဖြစ်ပါတယ်။ အိမ်နီးချင်းတိုင်းပြည်တွေက တောမီးရှို့တာ တွေကို ကျွန်တော်တို့ ဘယ်လို တားကြမလဲ” လို့ ၎င်းက ပြောပါတယ်။

အိမ်နီးချင်းတိုင်းပြည်များမှ ပြောင်းသီးနှံတင်သွင်းမှုကို လေထုညစ်ညစ်မှု အမြင့်ဆုံးရာသီမှာ ပိတ်ပင်မှုမပြုလုပ်ရင် အဆိုပါပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ဖူးလို့ Srettha Thavisin က ထောက်ပြ ပါတယ်။

“ကျွန်တော်တို့ အိမ်နီးချင်းတိုင်းပြည်တွေကနေ ပြောင်းသီးနှံ တင်သွင်းမှုတွေကို အမှန်တစ်ကယ် စဉ်းစားရမှာဖြစ်ပါတယ်။ လာမယ့်နှစ် ဇန်နဝါရီလကနေ ဧပြီလအထိ ပြောင်းသီးနှံတင်သွင်းမှုကို ပိတ်ပင် ပါမယ်” လို့ သူက ဆိုပါတယ်။

ကျန်းမာရေးအန္တရာယ် ဖြစ်စေနိုင်တဲ့ သေးငယ်သော လေတွင်းရှိအမှုန်တွေ PM 2.5 ဟာ လယ်သ မားတွေ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းတွေ မီးရှို့ကာ စိုက်ပျိုးရေးမြေယာသစ်ပြုလုပ်တဲ့ ပြဿနာတွေကြောင့် ဖြစ်ပွားတာပါ။

ထိုင်းအစိုးရဟာ မကြာသေးမီက တောမီးလောင်မှု တားဆီးရေးနဲ့ ငြှိမ်းသတ်ရေးအတွက် ရန်ပုံ ငွေတွေ ပိုပြီး အတည်ပြုခဲ့တယ်လို့ Srettha Thavisin က ပြောပါတယ်။

လေထုညစ်ညမ်းမှုဖြစ်စေတဲ့ ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ပို့ဆောင်ရေးဝန်ကြီး၊ အခြားအေ ဂျင်စီတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ချင်းမိုင် အပါအဝင် ပြည်နယ်အချို့ရဲ့ လေထုညစ်ညမ်းမှုဟာ ကမ္ဘာ့အမြင့်ဆုံးအဆင့်မှာ ပါဝင်နေ ပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာအရ ပြီးခဲ့တဲ့နှစ်ကထက် လျှော့နည်းခဲ့တယ်လို့ သူက ဆိုပါတယ်။

ချင်းမိုင်ဟာ ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့တော် ၁၀ ခုမှာ အဆင့် ၁ နေရာရှိပြီး ပါကစ္စတန် နိုင်ငံ လာဟိုးမြို့၊ တရုတ်နိုင်ငံ ပေကျင်းမြို့၊ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ တော်တွေက အစဉ်လိုက် ပါဝင်နေပါတယ်။

ကိုးကား – Bangkok Post
Ref; Govt could ban corn imports next year in bid to fix PM2.5

#Ayeyarwaddy_Times