
မြရာ/ဧရာ၀တီတိုင်းမ်
မတ် ၁၈ ရက်
မန္တလေးမြို့နယ်အတွင်း စစ်ကောင်စီက ထုတ်ပြန်လိုက်သည့် စစ်မှုထမ်းဥပဒေ အပေါ် အခွင့်ကောင်းယူကာ ငွေညှစ်နေသူများကို မန္တလေး PDF အဖွဲ့များက သတိပေးချက် ထုတ်ပြန်ခဲ့သည်။
မန္တလေးမြို့ရှိ မြို့နယ် ခုနစ် မြို့နယ်မှ လ၀က၊ ထွေအုပ်၊ ရပ်ကျေးရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် နောက်လိုက် များကို စစ်မှုထမ်းဥပဒေအား အခွင့်ကောင်းယူငွေညှစ် အကျိုးစီးပွားရှာနေမှုအပေါ် မန္တလေးအခြေစိုက် တော်လှန်ရေးအဖွဲ့ ၁၂ ဖွဲ့က ပထမဦးဆုံးအကြိမ်အဖြစ် ယမန်နေ့ မတ် ၁၇ ရက်နေ့တွင် သတိပေးစာ ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။
နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုကို အခွင့်ကောင်းယူကာ ပြည်သူများအား မတရား ခြိမ်းခြောက် ငွေညှစ်ထုတ် အကျိုးစီးပွားရှာနေကြသူ များကို အမည်လိပ်စာနှင့်အတူ မိသားစုစာရင်းများပါ သိရှိပြီးဖြစ်သည့်အတွက် နေရာစုံမှမျက်ခြေမပြတ် စောင့်ကြည့် နေပြီး ပြည်သူမှအမည်တပ်ကာ တိုင်တန်းလာပါက သွေးကြွေးပေးဆပ်ရမည် ဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံအဖွဲ့များမှ စစ်မှု ထမ်းဥပဒေအကြောင်းပြကာ မတရားလာရောက်ဖမ်းဆီးပါက လာရောက်ဖမ်းဆီးသည့် လူစာရင်းအား နာမည်နှင့်တကွ မီဒီယာများမှတစ်ဆင့် တော်လှန်ရေးတပ်ဖွဲ့များထံ ပေးပို့နိုင်ပြီး ယခုဖော်ပြထားသည့် မဟာမိတ်အဖွဲ့အစည်းများထံသို့လည်း လှုပ်ရှားမှုများကို ပေးပို့နိုင်ကြောင်း ထုတ်ပြန် ထားသည်။
ထို့အပြင်တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီ၏ အသေခံကျွန်ပြု စစ်အင်အား ဖြည့်စု ဆောင်းလိုခြင်းအတွက် အလိမ်အညာစစ်မှုထမ်းဥပဒေကို ပြင်းပြင်း ထန်ထန် ရှုတ်ချကြောင်း အဆိုပါ တော်လှန်ရေးအဖွဲ့ ၁၂ ဖွဲ့က ဆိုသည်။
စစ်မှုထမ်းဥပဒေကို အားပေးအားမြှောက်ပြုပြီး ပြည်သူပေါ်ငွေညှစ်ထုတ် အကျိုးစီးပွား ရှာနေကြသည့် အဖွဲ့အစည်းများကို အောင်စည်တော် AST-MDY၊ No More Dictatorship NMD-MDYS၊ ပုသိမ်ကြီးပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့၊ မြစ်ငယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MNPDF၊ Generation Z Power GZP-MDY၊ Special Task Force STF-MDY၊ Twaylikali Attacking & Production၊ Black Garuda PDF၊ ဂဠုန်ဝါပြောက် ကျားတပ်ဖွဲ့၊ အမရစစ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Yatanabon YDNB-MDY၊ မော်ကွန်းသစ်မြို့ပြပြောက်ကျားတပ်ဖွဲ့စသည့် ၁၂ ဖွဲ့တို့က သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် စစ်ကောင်စီသည် မန္တလေးမြို့တွင်သာမက ရန်ကုန်မြို့နှင့် အခြား မြို့ကြီးများတွင်လည်း စစ်မှုထမ်းဥပဒေအကြောင်းပြု၍ ပြည်သူများကို ခြိမ်းခြောက် လျက်ရှိပြီး စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့အစည်းများ သည်လည်း လူစာရင်းလိုက်လံကောက်ယူခြင်း၊ မဲနှိုက်၍စာရင်းသွင်းခြင်း၊ ငွေညှစ်ခြင်း စသည်တို့ကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ပုံစာ-စစ်ကောင်စီတပ်က ပစ်ခတ်လေ့ကျင့်မှုများ သင်တန်းပေးနေသည့် မန္တလေးပြည်သူ့စစ်များကို တွေ့ရစဉ် (၂၀၂၄ခုနှစ် မတ်လ ၈ ရက်)
#မန္တလေး #စစ်မှုထမ်းဥပဒေ #အကြောင်းပြ #ငွေညှစ်သူများ #PDF #သတိပေး #Ayeyarwaddy_Times