ဧရာဝတီတိုင်းမ်
မတ် ၁၈ ရက်

ဧရာ၀တီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်တွင် ကျေးရွာအတွင်း စစ်ကောင်စီမှ စစ်မှုထမ်းရန်အတွက် မဲနှိုက်ခိုင်းရာမှ မဲပေါက်သည့် အမျိုးသားတစ်ဦး အဆိပ်သောက်ကာ အဆုံးစီရင်မှုတစ်ခု မတ်လ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ကန်ကြီးထောင့်မြို့နယ်မှ မြတ်လေးချောင်းကျေးရွာအုပ်စု ၊ရေတွင်းချောင်ရွာတွင်စစ်မှုထမ်းရန် အစည်းအဝေးပြုလုပ်ပြီး ငါးဦး မဲနှိုက်ရွေးချယ်ရာ အမျိုးသားတစ်ဦး စစ်မှုထမ်းရန် မဲပေါက်ရာမှ နေအိမ်အပြန်တွင် အဆိပ်သောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လက်ရှိကတော့ ပုသိမ်ဆေးရုံကြီးကို ရောက်လာပြီး ဆေးကုသနေတယ် မဲနှိုက်ပြီး မနက်မှာပဲ အဆိပ်သောက်လိုက်တာလို့ပဲသိရတယ်”ဟု ပုသိမ်ဆေးရုံနှင့် နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။

ဧရာ၀တီတိုင်းတွင် အုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်းဥပဒေကို အသုံးချပြီး ငွေတောင်းခြင်းများ၊ မဲနှိုက်ခိုင်းခြင်းများကို စိတ်ထင်သလိုပြုလုပ်နေခြင်းကြောင့်ယခုကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ​ဖြစ်ပေါ်နေရကြောင်း ဒေသခံများထံမှသိရှိရသည်။

ဧရာ၀တီတိုင်း အတွင်းရှိမြို့နယ်များရှိ ရပ်ကွက် ၊ ကျေးရွာ များတွင် စစ်ကောင်စီ လက်အောက်ခံအုပ်ချုပ်ရေးအဖွဲ့ ၀င်များမှ စစ်မှုထမ်းဥပဒေအရ စာရင်းတွင်ပါ၀င်သောလူငယ်များကို စာရင်းကောက်ယူခြင်းများ ကြိုတင်ကာ မဲနှိုက်ထားခြင်းများကို မတ်လ ဒုတိယပါတ်က စတင်ပြီးဆောင်ရွက်နေကြောင်းသိရသည်။

#ကန်ကြီးထောင့်မြို့နယ် #စစ်မှုထမ်း #မဲပေါက်သူ #အဆိပ်သောက် #Ayeyarwaddy_Times

See