
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မတ် ၁၈ ရက်
တနင်္သာရီတိုင်းအတွင်းရှိ ရေဖြူ ၊ ထားဝယ် ၊ လောင်းလုံး စသည့်မြို့နယ်များတွင် စစ်ကောင်စီက စစ်မှုထမ်းရန်အတွက် ရပ်ကွက်အလိုက် လူဦးရေစာရင်း ကောက်ယူခြင်းများကို မတ် ၁၆ ရက်နေ့ ကစတင်၍ လုပ်ဆောင်နေပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ရေဖြူမြို့နယ် ၊ ကလိန်အောင် မြို့တွင် ရပ်ကွက်ရုံးမှနေ၍ ဖုန်းဆက်ကာ စာရင်း ကောက်ယူခြင်းများ ပြုလုပ်ခြင်းနှင့် အိမ်တိုင်ရာရောက် စာရင်းကောက်ယူ ခြင်းများ လုပ်ဆောင်နေကြောင်း မြိုခံများထံက သိရသည်။
ကလိန်အောင်မြို့တွင် အမှတ် (၁) ၊ (၂) ၊ (၃) ၊ (၄) ရပ်ကွက်လေးခုရှိပြီး ရပ်ကွက်အားလုံးတွင် စာရင်းကောက်ယူထားပြီးဖြစ်ကြောင်း သိရသည်။
“တနေ့ (၁၆ ရက်နေ့)က အမှတ် (၃)ရပ်ကွက် ရုံးက အကြောင်းကြားတယ်။ လူ စာရင်း ကောက်တာပေါ့။အားလုံး အိမ်ထောင်စု ဆယ် စုပါတယ်။ လူ ဦး ရေ ၁၀ ယောက် ပါတာပေါ့။ အဲ ဒီ နာမည်စာရင်း ပါ တဲ့ သူ အကုန်လုံး မနက်ဖြန် စာသင်ကျောင်းမှာ အစည်းအဝေးရှိတယ်လို့ ရပ်ကွက်ရုံး က မှာခဲ့တယ်” ဟု ကလိန်အောင်မြို့ ခံတစ်ဦးက ဧရာဝတီ တိုင်းကို ပြောသည်။
ထိုသို့ လူဦးရေ စာရင်းကောက်ရာတွင် ပါဝင်သည် ၁၀ ဦးသည် စစ်ကောင်စီတပ်တွင် စစ်မှုမထမ်းချင်သောကြောင့် ညတွင်းချင်းပင် နေအိမ် အသီးသီးမှ ထွက်ခွာသွားကြောင်း ကလိန်အောင်မြို့ခံက ဆက်လက်ပြောကြားသည်။
” အခု က လူဦး ရေစာရင်း ကောက်တယ်လို့ ကြားတာနဲ့ ပြေးကြပြီ။မနက်က အစည်း အဝေး တက်တော့ ရပ်ကွက်ရုံးကပြောတယ်ပေါ့။ မနေ့က ခေါ်တဲ့ သူတွေ မရှိရင် အိမ်မှာရှိတဲ့ သူတွေတက်ရမယ်တဲ့။ အဲဒီ အထဲကမှ မဲနှိုက် ခိုင်းမယ်။ မဲပေါက် တဲ့ သူ တွေ က စစ်မှု ထမ်းရမယ်လို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။
အလားတူ ထားဝယ်မြို့နယ်အတွင်းရှိ သင်္ဘောဆိပ်၊ တလိုင်းထိန်၊ တလိုင်းမ၊ ဆင်ဆိပ် စသည့်မြို့ပေါ်ရပ်ကွက်များတွင်လည်း စစ်မှုထမ်းရန် အသက်အရွယ်ရောက်ပြီးသူများကို မှတ်ပုံတင်စာရင်းသွင်းရန် ဆင့်ခေါ်စာများကို ရပ်ကွက်ရုံးက ပို့ဆောင်နေမှုများ ရှိကြောင်း မြိုခံများထံက သိရသည်။
ထို့အပြင် လောင်းလုံးမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်လေးခုတွင် တစ်ရပ်ကွက်လျှင် ငါးဦးနှုန်းဖြင့် စာရင်းကောက်ယူနေခြင်း ဖြစ်ကြောင်းသိရသည်။
တနင်္သာရီတိုင်းတွင် စစ်မှုထမ်းဆင့်ခေါ်ရေး ဟောပြောပွဲများကို ယခု မတ်လ ပထမပတ် နှင့် ဒုတိယပတ်များတွင် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုက ဦးဆောင်၍ စည်းရုံးရေးဆင်း ဟောပြောခြင်းများကို မြို့နယ် အလိုက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
#တနင်္သာရီတိုင်း #မြို့နယ်အချို့ #စစ်မှုထမ်း #လူစာရင်း #စတင်ကောက်ယူ #Ayeyarwaddy_Times