ဧရာဝတီတိုင်းမ်
မတ် ၁၈ ရက်

ထိုင်း၊မြန်မာနယ်စပ်အနီး ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဧရာဝတီတိုင်းသို့ ယခုမတ်လ ဒုတိယအပတ်ကစပြီး ထိုင်းနိုင်ငံမှ တင်သွင်းသော ကုန်စည်များ ပြတ်တောက်နေကြောင်း သတင်းရရှိသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်မြို့အနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်နေ၍ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအချို့ပိတ်ဆို့ခံထားရမှုကြောင့်ဧရာဝတီတိုင်းအတွင်းတွင် စားအသောက်ကုန်အပါအဝင် ဆိုင်ကယ်နှင့်ဆက်စပ်သည့်ပစ္စည်းများနှင့် အိမ်သုံးပစ္စည်းအချို့ ပြတ်လပ်နေကြောင်း ထိုင်းကုန်စည်ပစ္စည်း တင်သွင်းရောင်းချနေသူများထံက သိရသည်။

“ထိုင်းပစ္စည်းတွေပြတ်နေတာ တပတ်ရှိတော့မယ်။ လမ်းကြောင်းမကောင်းလို့လားမပြောတတ်ဘူး။ ဆိုင်ကယ်ပစ္စည်းတွေဆို တရုတ်တွေလောက်ပဲကျန်တော့တယ်။ ထိုင်းပစ္စည်းတွေက အခုလက်ကျန်မရှိသလောက်ကို ဖြစ်နေတာ။ အခြေအနေကြည့်ပြီးရောင်းနေရတယ်”ဟု ပုသိမ်မြို့ရှိ ထိုင်းကုန်စည်ပစ္စည်းတင်သွင်းရောင်းချသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုသို့ထိုင်းကုန်စည်များ ပြတ်တောက်နေမှုကြောင့် လက်ကျန် ကုန်ပစ္စည်းများကို ရောင်းချရာ၌ မူလရောင်းဈေးထက်လက်ရှိ၌ ဈေးနှုန်းနှစ်ဆမှ သုံးဆအထိ မြင့်တက်နေကြောင်း ဒေသခံ ကုန်စည်ရောင်းချသူများထံက သိရသည်။

“ ထိုင်းထုတ် စားသုံးဆီတစ်လီတာတစ်ဘူးကို အရင် ရှစ်ထောင်ငါးရာ ကျပ် ကနေ၊ အခု ကျပ်တစ်သောင်း လောက်ပေးဝယ်နေရတယ်။ မုန့်တွေဆိုရင်လည်းအတူတူပဲ။အရင်က နှစ်ထောင် ကျပ် တန်ဆိုရင် အခုလေးထောင် ငါးထောင်လောက်ပေးတယ်နေရတယ်။ ဆိုင်ကယ်ပအစ္စည်းထဲမှာ အင်ဂျင်ဝိုင် တစ်ဘူးကို အရင်က တစ်သောင်းနှစ်ထောင်လောက်ကို အခု တစ်သောင်းရှစ်ထောင် လောက် ပေးနေရတယ်။ တိုက်ပွဲအခြေအနေနဲ့ လမ်းအခြေအနေနဲ့ကတော့ ထိုင်းပစ္စည်းတွေ လုံးဝပြတ်သွားနိုင်တယ်”ဟု ညောင်တုန်းမြို့ခံ ထိုင်းကုန်စည်ပစ္စည်းများ တင်သွင်းရောင်းချသူတစ်ဦးကဆိုသည်။

တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းကြောင့် ထိုင်း_မြန်မာ အာရှလမ်းမကြီးကို သွားလာခွင့် လုံးဝပိတ်ပင်ထားကာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ထိုးကော့ကိုးလမ်းပိုင်းတွင်လည်း ကုန်စည်သယ်ဆောင်ရာတွင် အခက်အခဲများ ရှိနေ
သည့်အတွက် ထိုင်းကုန်စည်စီးဆင်းမှု တွင်အဟန့်အတားများ ရှိနေကြောင်း နယ်စပ်ကုန်သည်အသိုင်းအဝန်းထံကသိရသည်။

#ကရင်ပြည်နယ် #မြဝတီမြို့ #သင်္ကန်းညီနောင်# စစ်ကောင်စီတပ် #တော်လှန်ရေးတပ်ဖွဲ့များ #တိုက်ပွဲပြင်းထန် #ဧရာဝတီတိုင်း #Ayeyarwaddy_Times