နွေဦးမောင်/ဧရာဝတီတိုင်းမ်
မတ်လ ၁၈ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့၊ ကျောင်းရွာကျေးရွာဇာတိ သမ္မတရုံးဝန်ကြီး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ တို့အဖြစ် ဆောင်ရွက်ခဲ့သူ အငြိမ်းစား ဗိုလ်မှူးကြီး သိန်းညွန့်သည် မတ်လ ၁၇ ရက်နေ့ ညပိုင်းက ကွယ်လွန်သွားကြောင်း သိရသည်။

ဦးသိန်းညွန့်သည် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ ၎င်း၏နေအိမ်တွင် ကာလရှည်ကြာ ဆေးကုသမှု ခံယူနေရာမှ ယမန်နေ့ည အစောပိုင်းတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်တပ်မှာ ဗိုလ်မှူးကြီးရာထူးအဆင့် အထိတာဝန်ထမ်းဆောင်ခဲ့တယ်။ ၂၀၁၀ မှာ ကြံ့ခိုင်ရေးပါတီကိုယ်စားပြုပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် မအူပင်ကနေ ဝင်ပြိုင်ခဲ့တယ်။ ၉၆ ပါးရောဂါ၊ လူကြီးရောဂါနဲ့ပဲ ကွယ်လွန်သွားတာပါ။ သေဆုံးချိန်မှာ အသက်(၈၀) လောက်ရှိပါပြီ” ဟု မအူပင်မြို့ရှိ ဦးသိန်းညွန့်နဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဦးသိန်းညွန့်သည် သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က နိုင်ငံတော်သမ္မတရုံး၏ ဝန်ကြီးခြောက်ဦးအနက် တစ်ဦးအဖြစ်ပါဝင်ခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နအဖ လက်ထက်တွင်လည်း နယ်စပ်ဒေသတိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေးနှင့်စည်ပင်သာယာရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

ဦးသိန်းညွန့်သည် မအူပင်မြို့ ဖွံ့ဖြိုးရေးကဏ္ဍအတွက် တက္ကသိုလ်နှင့် လျှပ်စစ်မီးများ ရရှိစေရန်အတွက် စီစဉ်ဆောင်ရွက်ခဲ့ပေးသူဖြစ်သည်ဟု ဦးသိန်းညွန့်နှင့်နီးစပ်သူက ဆိုသည်။

အငြိမ်းစား ဗိုလ်မှူးကြီး သိန်းညွန့်သည် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးသန်းရွှေ ၊ သမ္မတ ဟောင်း ဦးသိန်းစိန်တို့၏ ယုံကြည်စိတ်ချရသော လူယုံတစ်ယောက်ဖြစ်ခဲ့ပြီး သေဆုံးချိန် တွင် အသက်(၈၀) နီးပါးရှိပြီး ဖြစ်ကြောင်းသိရသည်။

ပုံစာ-အငြိမ်းစား ဗိုလ်မှူးကြီးသိန်းညွန့်
#မအူပင်ဇာတိ #အငြိမ်းစားဗိုလ်မှူးကြီးသိန်းညွန့် #ကွယ်လွန် #Ayeyarwaddy_Times