
ဧရာဝတီတိုင်းမ်
မတ် ၁၈ရက်
စစ်ကောင်စီသည် ရက္ခိုင့်တပ်တော် (AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့ ကိုလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ မူဆလင်များနေထိုင်ရာ ကျေးရွာအတွင်းကျရောက် ပေါက်ကွဲကာ အရပ်သားပြည်သူ ၂၃ဦး သေဆုံးပြီး ၃၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက မင်းပြားမြို့ရှိ သာဒေမူဆလင်ကျေးရွာကို ယနေ့ မတ် ၁၈ရက်နေ့ နံနက် ၁နာရီခန့်တွင် တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများကို ပစ်မှတ်ထားလာရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“မနက်အစောကြီး လာပစ်တာလို့ သိရတယ်။ လေယာဉ်သံကြားတာနဲ့ ဗုံးကအကျပဲ။ အိပ်နေကြတဲ့အချိန်ဆိုတော့ ကမူးရှူးထိုးနဲ့ ပြေးမိပြေးရာပြေးကြလို့ မှန်တဲ့သူတွေရော၊ အိပ်နေရင်း အိမ်ပိသွားသူတွေရော အတော်သေကုန်ကြတယ်” ဟု သာဒေကျေးရွာရှိ ဒေသခံများနှင် နီးစပ်မှုရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီကြဲချလိုက်သည့် ယနေ့ နံနက် ၁နာရီတွင် ကြဲချခဲ့သည့် ဗုံးနှစ်လုံးသည် သာဒေကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဆင်ကြီးပြင်ကျေးရွာမှ သာဒေ ကျေးရွာသို့ စစ်ရှောင်လာသည့် မူဆလင်အများစု ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။
လေကြောင်းမှ တိုက်ခိုက်ခံရမှုကြောင့် လူသေဆုံးမှုများအပြင် နေအိမ်များလည်း ထိခိုက် မီးလောင်ကျွမ်းမှုများလည်း ရှိကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ရက်နေ့ကလည်း မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဆေးရုံတွင် ဆေးကုသနေသည့် လူနာများနှင့် ဆေးရုံဝန်ထမ်းများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
ထို့ပြင် ပြီးခဲ့သည့် မတ် ၁၄ရက်နေ့နှင့် ၁၅ရက်နေ့များကလည်း စစ်တွေပါဒလိတ်ရှိ စစ်ကောင်စီတပ်များက လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့သည့်အတွက် ပုဏ္ဏားကျွန်းရှိ ကုန်တန်းကြိမ်ချောင်းရွာနှင့် ကျောက်သံရွာမှ ပြည်သူခြောက်ဦး သေဆုံးကာ ၂၂ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီမှ လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်မှုအပြင် လေကြောင်းတိုက်ခိုက်မှု များကြောင့် ရခိုင်ပြည်နယ်အတွင်း နိုဝင်ဘာလ ၁၃ရက်နေ့မှ မတ် ၄ရက်နေ့အထိ ပြည်သူ ၁၇၀ ကျော်သေဆုံးပြီး ၄၀၀ ခန့်ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားသည်။
ပုံစာ- ယနေ့ မတ်၁၈ရက်နေ့တွင် သာဒေကျေးရွာသို့ စစ်ကောင်စီက လေကြောင်းဗုံးကြဲအပြီး မြင်တွေ့ရစဥ်
#မင်းပြား #သာဒေကျေးရွာ #စစ်ကောင်စီ #လေကြောင်း #ဗုံးကြဲ #မူဆလင်ရွာ #ထိခိုက်သေဆုံး #Ayeyarwaddy_Times