အယိုက်လင်း/ ဧရာဝတီတိုင်းမ်
မတ် ၁၈ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ဥယျာဉ်ခြံအလုပ်သွားလုပ်သည့် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ၍ ခြေတစ်ဖက် ပြတ်သွားကြောင်း ဒေသခံများထံက သိရသည်။

မင်းတပ်မြို့နယ်တွင် ယနေ့ မတ်လ ၁၈ ရက်နေ့ မနက် ၁၀ နာရီခွဲ ဝန်းကျင်တွင် အရှေ့ပြင် သင်္ချိုင်းနှင့် ဘောင်ထဲရွာကြားတွင် ဥယျာဉ်ခြံသို့ အလုပ်လုပ်ရန် ဆိုင်ကယ်ဖြင့် သွားရောက်သည့် အမျိုးသားတစ်ဦး မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။

“အဲ့ဒီ မိုင်းက စစ်တပ်ထောင်ထားတဲ့ မိုင်းတွေဖြစ်ပါတယ်။ အဲ့ဒီလမ်း လမ်းတစ်လျောက် စစ်တပ်က မိုင်းထောင်ထားတာကြောင့် လူတွေက သိပ် မသွားရဲကြဘူး။ မိုင်းနင်းမိတဲ့ အမျိုးသားကတော့ ခြေတစ်ဖက် ပြတ်သွားတယ်။ အဲ့ဒီ အမျိုးသားကို ပခုက္ကူဘက် ပို့မလား။ မင်းတပ်ဆေးရုံဘဲ ပို့မလား မသိသေးဘူး “ဟု မင်းတပ်ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဒဏ်ရာရသည့် အမျိုးသားကို ဆေးရုံပို့ဆောင်နိုင်ခဲ့ခြင်းမရှိသေးဘဲ အကူညီတောင်းခံနေဆဲဖြစ်ကြောင်း သိရသည်။ အလားတူ ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့ကလည်း လိုင်လင်းပီမြို့တွင် တောင်ယာမီးရှို့ပြီးပြန်လာသည့် ချင်းအမျိုးသား နှစ်ဦး မြေမြှပ်မိုင်းနင်းမိရာ အမျိုးသားတစ်ဦး ပွဲချင်းသေဆုံးပြီး နောက်တစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်တာအတွင်းချင်းပြည်နယ်တွင် မြေမြုပ်မိုင်း နင်းမိသောကြောင့် ချင်းလူမျိုး ၃၃ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ၅၂ ဦး ရှိပြီဖြစ်ကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့ချုပ်(CHRO)ထံက သိရှိရသည်။

#ချင်းပြည် #မင်းတပ် # မြေမြုပ်မိုင်း#မိုင်းနင်းမိ၍ခြေတစ်ဖက်ပြတ် #စစ်ကောင်စီ #Ayeyarwaddy_Times