ဧရာဝတီတိုင်းမ်
မတ် ၁၈ရက်

ရခိုင်ပြည်နယ် မောင်တောမြို့ရှိ စစ်ကောင်စီ၏ နယ်ခြားစောင့်စခန်းများကို AA က ပိတ်ဆို့ထားပြီး ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

ယနေ့ မတ် ၁၈ရက်နေ့တွင်လည်း ယခင်ရက်များကဲ့သို့ပင် ထိုးစစ်အရှိန်မလျှော့ဘဲ မောင်တောရှိ နယ်ခြားစောင့်စခန်းနှင့် ဗျူဟာစခန်းအချို့ကို တိုက်ခိုက်လျက်ရှိကြောင်း AA စစ်ရေးသတင်းရင်းမြစ်နှင့် နီးစပ်သူထံက သိရသည်။

မောင်တောရှိ စစ်ကောင်စီ၏ နာမည်ကျော် ကြိမ်ချောင်းတပ်မ၊ ခမောင်းဆိပ်ဗျူဟာ၊ သမန်းသားအထိုင်စခန်းတို့အပါအဝင် နယ်ခြားစောင့်စခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

မောင်တောမြို့နယ်တွင်းရှိ နယ်ခြားစောင့်စခန်းများကို အမှတ် (၁) နယ်ခြား စောင့်ကွပ်ကဲမှု ဌာနချုပ်လက်အောက်မှ ကွပ်ကဲပြီး ကွပ်ကဲမှု အဖွဲ့ခွဲရုံး ၁ နှင့် ၂ တို့မှ နယ်ခြားစောင့်စခန်း ရှစ်ခုကိုကွပ်ကဲကာ ကျန်သည့် နယ်ခြားစောင့်စခန်း နခခ နှစ်ခု ကို ဘူးသီးတောင်တွင် အခြေပြုကွပ်ကဲကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉က မောင်တောရှိ ပဲရွန်းတောင်စခန်းကို AA ကသိမ်းပိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၅ ရက်နေ့ကလည်း မောရဝတီဗျူဟာ၊ ဗောဓိကုန်းစခန်း၊ အလယ်သံ ကျော်နယ်မြေစခန်း၊ နှုရှ်လာစခန်းနှင့် ဂေါ်ဒူသာရစခန်းတို့ကိုလည်း သိမ်းပိုက် ထိန်းချုပ်ခဲ့သည်။

ရန်အောင်ပြင်စခန်းနှင့် အောင်သပြေနယ်ခြားစောင့်စခန်းတို့ကိုလည်း ဖေဖော်ဝါရီ ၂၃နှင့် မတ် ၁၃ရက်နေ့တို့တွင် AA က သိမ်းယူနိုင်ခဲ့သည်။

မောင်တောရှိ နယ်ခြားစောင့်စခန်းများကို AAဝင်ရောက်တိုက်ခိုက်ရာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၄ ရက်မှ ၇ ရက်နေ့အထိတွင်တစ်ကြိမ်၊ မတ် ၁၃ရက် နေ့တွင်တစ်ကြိမ် နှစ်ကြိမ်တိုင်တိုင် နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ဝင်ရောက်ထွက်ပြေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာများကဖော်ပြထားသည်။

လက်ရှိတွင် မောင်တောမြို့နယ်အတွင်း၌လည်း လက်ကျန်နယ်ခြားစောင့်စခန်းအချို့အား သိမ်းပိုက်ရယူရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိသည့်နည်းတူ စခန်း စွန့်ခွာထွက်ပြေးနေကြသည့် စစ်ကောင်စီတပ်ဖွဲ့အချို့အား လိုက်လံဖမ်းဆီးလျက် ရှိသည်ဟု AA က ထုတ်ပြန်ထားသည်။

ပုံစာ- အောင်သပြေ အထိုင်စခန်းကို AAသိမ်းပိုက်ထားစဥ် (ပုံဟောင်း)
#မောင်တော #နယ်ခြားစောင့်စခန်း #နခခ #AA #ထိုးစစ်ဆင်တိုက်ခိုက် #Ayeyarwaddy_Times