
ဧရာဝတီတိုင်းမ်
မတ် ၁၈ ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ တာချီလိတ်မြို့၊ မြန်မာ – ထိုင်းနယ်စပ်ကုန်သွယ်မှု တာချီလိတ်နယ်စပ်ကုန်သွယ် ရေးစခန်းတွင် မတ်လ ၂၂ ရက်နေ့က စတင်ပြီး မြန်မာအလိုအလျောက်ကုန်စည်ရှင်းလင်းရေးစနစ် (MACCS) စနစ်ဖြင့်ကုန်ပစ္စည်း တင်သွင်း၊ တင်ပို့နိုင်ရန်အသုံးပြုသွားမည်ဖြစ်ကြောင်း ယနေ့မတ် ၁၈ ရက်တွင် စစ်ကောင်စီ၏ အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်သည်။
ထို့ပြင် တာချီလိတ်နယ်စပ်ဒေသနှင့် ဆက်စပ်သည့် ကုန်သွယ်မှုလမ်းကြောင်း တစ် လျှောက်ရှိ စစ်ဆေးရေး စခန်းများတွင် တင်သွင်း၊ တင်ပို့လုပ်ငန်းများ ဆောင်ရွက်ရာတွင် အကောက်ခွန်ဆိုင်ရာ ကုန်ပစ္စည်းရှင်းလင်းရေး လုပ်ငန်းစဉ်များတွင် မြန်မာအလို အလျောက် ကုန်စည်ရှင်းလင်းရေးစနစ် (MACCS) စနစ်ကိုဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင်ကုန်ပစ္စည်းများကို ဖွင့်ဖောက်စစ်ဆေးခြင်းများပြုနေသဖြင့် MACCS စနစ်အသုံးပြုပါက ပိုမိုလွယ်ကူနိုင်ပြီး အကောက်ခွန်ပေးဆောင်ခြင်းနှင့် ကုန်သွယ်ခွန် ပေးဆောင်ရာတွင် ကိုယ်တိုင်ပေးဆောင်နိုင်မည်ဖြစ်ကြောင်း ပို့ကုန်/သွင်းကုန် လုပ်သူတစ်ဦးက ပြောကြားသည်။
“အဲဒီ MACCS စနစ်က NLD လက်ထက်က ဂျပန်နည်းပညာနဲ့ အကောင် အထည်ဖော်ခဲ့တာ။ အခွန်တွေသေချာရဖို့။ ကုန်သည်တွေက တစ်ကျပ်တန်နဲ့ ပစ္စည်းကိုဈေးလျော့ပြတော့ အဲဒီစနစ်ထဲမှာ ကုန်ပစ္စည်းတွေရဲ့ တန်ဖိုးကရှိပြီးသား။ ပစ္စည်းရိုက်ထည့်လိုက်တဲ့အခါ ဈေးအမှန်သိရပြီး တန်ဖိုးတွက်ချက်လိုက်တာမျိုး။ အခုစစ်ကောင်စီ ပြန်လုပ်နေတာဆိုတော့ အခွန်တိုးလိုချင်နေတာ” ဟု ၎င်းက ဧရာ၀တီ တိုင်းမ်ကိုပြောသည်။
လက်ရှိတွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွား နေသည့်အတွက် ကော့ကရိတ် – မြဝတီ အာရှကုန်သွယ်ရေးလမ်းမကြီးမှ ကုန်စည် စီးဆင်းမှုခက်ခဲနေသဖြင့် တာချီလိတ်ကုန်သွယ်ရေးစခန်းမှာ ကုန်သွယ်မှု တိုးမြင့်နိုင်ရန် စီစဉ်လျက်ရှိကြောင်းသိရသည်။
မြန်မာ – ထိုင်း အဓိကကုန်သွယ်ရေးဇုန်မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ယခုနှစ် အတွက် အမေရိကန်ဒေါ်လာ သန်း ၈၃၂ ဒသမ ၇၄၉ ကုန်သွယ်မှုပမဏလျော့ကျသွားပြီး တာချီလိတ်ကုန်သွယ်ရေးစခန်းမှတိုးတက်လာကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံက သိရသည်။
ယခုဘဏ္ဍာနှစ် ၂၀၂၃ ဧပြီ ၁ ရက်မှ ၂၀၂၄ မတ် ၈ ရက်နေ့တွင် တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၅၃၄ သန်း နှင့် သွင်းကုန် ၁၀၂ ဒသမ ၆၈၆ သန်း ရရှိပြီး ၂၀၂၂ ဧပြီ ၁ ရက်မှ ၂၀၂၄ မတ် ၈ ရက်နေ့တွင် တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တန်ဖိုး ၄၈ ဒသမ ၆၇၂ သန်း နှင့် သွင်းကုန်တင်ဖိုး ၉၂ ဒသမ ၆၃၈ သန်းရှိပြီး ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၄ သန်းတိုးတက်လာကြောင်းသိရသည်။
တာချီလိတ်ကုန်သွယ်ရေးစခန်း မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား (၁) နှင့် (၂) တို့သည် တစ်ဖက်ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နှင့် ထိစပ်လျက်ရှိသည်။
အဆိုပါစခန်းမှနေ၍ ထိုင်းနိုင်ငံအပြင် မိုင်းလားမှ တရုတ်နိုင်ငံသို့၊ တာလေ ( ကျိုးလပ်) မှ လာအိုနိုင်ငံသို့၊ မိုင်းယောင်းမှ အထူးဒေသ(၄) BP 240 မှ တရုတ်နိုင်ငံသို့ ကုန်သွယ် နိုင်သော နယ်စပ်ဝင်၊ထွက်ပေါက်များရှိသည်။
တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပုံမှန်တင်ပို့သည့် ပို့ကုန်ပစ္စည်းများတွင် ပြောင်းဖူးစေ့၊ ဆန်၊ဆန်ကွဲ၊ ရော်ဘာ၊ လက်ဖက်ခြောက်၊ ပုစွန်ဖွဲနု၊ သတ္တူတွင်းထွက်ပစ္စည်း၊ ကတ္ထူ စက္ကူအဟောင်း၊ ပလပ်စတစ်ဘူးခွံအဟောင်း၊ ပုလင်းခွံအဟောင်း၊ ဘယဆေး ကုန်ကြမ်းတို့ပါဝင်ကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံက သိရသည်။
ထို့ပြင်ပုံမှန်တင်သွင်းနေသည့်ပစ္စည်းများတွင် စက်သုံးဆီ၊ ဘိလပ်မြေ၊ ဆောက်လုပ်ရေး ပစ္စည်း၊ ကားတာယာနှင့်ကျွတ်များ၊ဓါတုဗေဒပစ္စည်းများ ၊ သံနှင့်သံမဏိပစ္စည်းများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ၊ အားကစားပစ္စည်းများ တင်သွင်းကြောင်း ယင်းဌာန၏ ဖော်ပြချက်များအရ သိရသည်။
ဓာတ်ပုံ – စစ်ကောင်စီ
#မြန်မာထိုင်း #ကုန်သွယ်ရေး #နယ်စပ်စခန်း #တာချီလိတ် #MSCCSစနစ်သုံး #Ayeyarwaddy_Times