
နွေဦးမောင် /ဧရာဝတီတိုင်းမ်
မတ် ၁၇ ရက်
ထိုင်းနိုင်ငံတွင် နေထိုင်ကာ မြန်မာနိုင်ငံအတွင်းရှိ တော်လှန်ရေးအင်အားစုများကို ထောက်ပို့ပြုလုပ်နေသည့် ကိုမိုက်ကယ်ကို ထိုင်းရဲတပ်ဖွဲ့က လူသတ်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း ကိုမိုက်ကယ်နှင့် နီးစပ်သူများထံက သိရသည်။
ထိုင်းရဲတပ်ဖွဲ့သည် ကိုမိုက်ကယ်ကို မတ် ၁၆ ရက်နေ့ညနေပိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ခလောင်ဆန်ခရိုင်ရှိ ဟိုတယ်တစ်ခုတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ကိုမိုက်ကယ်သည် ပျူစောထီးခေါင်းဆောင် ကိုဇော်ဦးဆိုသူကို ပြီးခဲ့သည့် မတ် ၁၃ ရက်နေ့က လတ်ယောင်းမြို့နယ်ရှိ ၎င်းနေထိုင်ရာ လိုင်းခန်းတွင် ပစ်သတ်ခဲ့သည်ဟုဆိုကာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မြန်မာနိုင်ငံကနေ ရောက်နေတဲ့ ပျူစောထီးခေါင်းဆောင် ဇော်ဦးဆိုတဲ့သူကို သူနေတဲ့ လိုင်းခန်းမှာ သေနတ်နဲ့ ပစ်သတ်ခဲ့လို့ဆိုပြီး ဖမ်းသွားတာ။ ထိုင်းရဲတပ်ဖွဲ့က ကိုမိုက်ကယ်နဲ့အတူ လူငယ် သုံး ဦးကိုပါ ဖမ်းသွားတာ” ဟု ကိုမိုက်ကယ်နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပျူစောထီးခေါင်းဆောင် ကိုဇော်ဦးဆိုသူသည် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့်အပြင် ၎င်း၏ ညီအရင်းဖြစ်သူကိုပါ တော်လှန်ရေး တွင်ပါဝင်သည်ဟုဆိုကာ သတ်ဖြတ်၍ ထိုင်းနိုင်ငံ၊ လတ်ယောင်းမြို့နယ်ရှိ အိမ်တန်းလျားတစ်ခုတွင် တိမ်းရှောင်နေခြင်းဖြစ်ကြောင်း နီးစပ်သူများ၏ ပြောကြားချက်အရ သိရသည်။
“မြန်မာပြည်ထဲက ထွက်ပြေးလာတဲ့ ပျူစောထီး ဇော်ဦးဆိုသူက အခြားလူပေါင်းများစွာကိုလည်း သတ်ခဲ့ပြီးပြီ။ တော်လှန်ရေးဘက်ပါလို့ဆိုပြီး ညီအရင်းကိုတောင် သတ်ခဲ့ပြီး လတ်ယောင်းမြို့က ထိုင်းနိုင်ငံသားပိုင် အိမ်တန်းလျားမှာတိမ်းရှောင်နေတာ။ လက်နက်ကိုင်ပြီး ပြည်သူတွေကိုဒုက္ခပေးနေတဲ့အပြင် ညီအရင်းကိုပါ သတ်ဖြတ်ခဲ့တာကြောင့် ကိုမိုက်ကယ်က စိတ်မထိန်းနိုင်တော့ဘဲ လိုက်သွားတာလို့တော့ သိရတယ်” ဟု ကိုမိုက်ကယ်နှင့်နီးစပ်သူက ဆိုသည်။
လက်ရှိအချိန်တွင် ကိုမိုက်ကယ်အား ထိုင်းနိုင်ငံ လတ်ယောင်းရဲစခန်းတွင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ပုံစာ-ကိုမိုက်ကယ်
#ထိုင်းနိုင်ငံ #ထွက်ပြေးတိမ်းရှောင် #ပျူစောထီးသတ်ဖြတ် #ကိုမိုက်ကယ် #ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး #Ayeyarwaddy_Times