
ဧရာဝတီတိုင်းမ်
မတ် ၁၇ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အချို့တွင် စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့ ၀င်များမှ စစ်မှုထမ်းဥပဒေအရ စာရင်းတွင်ပါ၀င်သောလူငယ်များကို စာရင်းကောက်ယူခြင်းများ ကြိုတင်ကာ မဲနှိုက်ထားခြင်းများ မတ်လ ဒုတိယပါတ်ကစတင်ပြီးဆောင်ရွက်နေကြောင်းသိရသည်။
မတ်လ ၁၄ရက်နေ့တွင်ပုသိမ်မြို့နယ် ရွှေမြင်တင်ကျေးရွာအုပ်စု ရှိ ကျေးရွာများအတွင်း စစ်မှုထမ်းဥပဒေအရ စာရင်းပါ၀င်သော လူငယ်များကို နေအိမ်များတွင် စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်းဒေသခံများမှပြောသည်။
“စာရင်းထဲပါတဲ့အထဲကသုံးဦးပို့ပေးရမယ်လို့ပြောတယ် ဆန္ဒရှိလို့ ၀င်လုပ်မယ့်သူကိုဦးစားပေးရမယ်။ တစ်ကယ်လို့လုပ်မယ့်သူမရှိရင် အကုန်လုံးမဲနှိုက်ပြီး ပေါက်တဲ့သူသင်တန်းတက်ရမယ် လို့ပြောတယ်”ဟု ကျေးရွာ ဒေသခံလူငယ်တစ်ဦး မှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
အချို့ရပ်ကွက် နှင့်ကျေးရွာ များတွင် ရာအိမ်မှူးများ စုပြီး မဲနှိုက်ကာ ပေါက်သည့်ရာအိမ်မှူး၏ အပိုင်မှလူငယ် နှစ်ဦး စစ်သင်တန်းပထမပါတ်ကို စေလွှတ်ရန်ကြိုတင် စီစဥ်မှုများ ပြုလုပ် နေကြောင်း အုပ်ချုပ်ရေး အဖွဲ့၀င်တစ်ဦးထံမှသိရှိရသည်။
စစ်သင်တန်း တက်ရောက်သူ၏ မိသားစုအားထောက်ပံရန်အတွက် ကျေးရွာအတွင်းရှိ အိမ်ခြေအလိုက် ငွေကောက်ခံနေပြီး အိမ်ခြေနည်းပါးသည့်ရွာများတွင် တစ်အိမ် ၅၀၀၀ကျပ်၊ အိမ်ခြေများသည့်ကျေးရွာများတွင် တစ်အိမ်၂၀၀၀ကျပ်နူန်း ကောက်ခံရန်ဆုံးဖြတ်ထားကြောင်း ဒေသခံများထံမှသိရသည်။
ဓာတ်ပုံ-ပုသိမ်မြို့နယ်ရွှေမြင်တင်ကျေးရွာအုပ်စုတွင် စစ်မှုထမ်းဆောင်ရန် စာရင်းပါသူများအား လိုက်လံစစ်ဆေးနေစဉ်
#ပုသိမ်မြို့နယ် #အုပ်ချုပ်ရေးအဖွဲ့၀င်များ #စစ်မှုထမ်းဥပဒေ #ကြိုတင်မဲနှိုက်
#Ayeyarwaddy_Times