ဧရာဝတီတိုင်းမ်
‌မတ် ၁၇ရက်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ခမရ-၅၅၂ တပ်ရင်းကို ရက္ခိုင့်တပ်တော် (AA) က အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် (AA) သည် ဘူးသီးတောင်မြို့အတွင်းရှိ အမှတ်(၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) လက်အောက်ခံ ၊ ခမရ-၅၅၂ တပ်ရင်းကို ပြီးခဲ့သည့် မတ် ၁၅ ရက်နေ့မှ စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိကြောင်း AA က ထုတ်ပြန်ထားသည်။

ဘူးသီးတောင်မြို့နယ် စကခ-၁၅ လက်အောက်တွင် ခြေလျင်တပ်ရင်း သုံးခုနှင့် ခြေမြန်တပ်ရင်း ရှစ်ခု၊ အ‌မြှောက်တပ်ရင်းတစ်ခု တို့ရှိပြီး ၎င်းတို့အထဲမှ ခမရ-၅၅၂ ခြေမြန်တပ်ရင်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်ကြောင်းသိရသည်။

“ဘူးသီးတောင်မှာက ခြေလျင်၊ခြေမြန်နဲ့ အမြောက်တပ် စုစုပေါင်း ၁၂ ခု ရှိတယ်။ ဒါပေမယ့် စိုးရိမ်စရာမရှိဘူး။ တပ်တွေက ပလက်ဝနဲ့ ပေါက်တော တိုက်ပွဲမှာ ကုန်လုလုဖြစ်နေတာ။ ပြီးတော့ တံတားတွေမှာလည်း အစောင့်ကင်းတွေတိုက်ခံရလို့ ခမရ-၅၅၁ထဲမှာ ပေါင်းနေကြတယ်” ဟု AA စစ်ရေးသတင်းရင်းမြစ်နှင့် နီးစပ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်နေ့ကလည်း ဘူးသီးတောင်မြို့တောင်ဘက်ရှိ စိုင်းတင်တံတားပေါ်နှင့် တံတားအနီးရှိ စစ်ကောင်စီတပ်များကို AA ကဝင်ရောက်တိုက်ခိုက်ပြီး တံတားကို ထိန်းချုပ်ထားနိုင်ခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ရက်‌နေ့ကလည်း ဘူးသီးတောင်- ရသေ့တောင် ကားလမ်းပေါ်ရှိ ကုလားပန်ဇင်းချောင်းတံတားအနီးတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး မြို့စောင့်ဂိတ်ရှိ စစ်ကောင်စီတပ်သားများ မြို့ရှိ တပ်ရင်းများထံ သွားရောက်ပူးပေါင်းခဲ့ကြကြောင်း သိရသည်။

ထို့အပြင် မောင်တောမြို့နယ်အတွင်း၌လည်း လက်ကျန်နယ်ခြားစောင့်စခန်းအချို့အား သိမ်းပိုက်ရယူရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိသည့်နည်းတူ စခန်းစွန့်ခွာ ထွက်ပြေးနေကြသည့် ရန်သူ့တပ်ဖွဲ့အချို့ အား လိုက်လံဖမ်းဆီးလျက်ရှိ‌ကြောင်း AA က ထုတ်ပြန်ထားသည်။

#ဘူးသီးတောင် #စစ်ကောင်စီ #ခမရ၅၅၂တပ်ရင်း #AA #ဝင်ရောက်တိုက်ခိုက် #Ayeyarwaddy_Times