ဧရာဝတီတိုင်းမ်
မတ် ၁၇ ရက်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းများကို ရက္ခိုင့်တပ်တော် (AA) က ကုန်းလမ်း၊ ရေလမ်းတို့ကို ပိတ်ဆို့ထားသည့်အတွက် ပိတ်မိနေသည့် စစ်ကောင်စီတပ်သားများက လေကြောင်းပစ်ကူ ခေါ်ယူနေရကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် (AA) သည် ရသေ့တောင်တွင် ပြီးခဲ့သည့် မတ် ၁၂ရက်နေ့ကစတင်၍ တိုက်စစ်အရှိန်ကို တစ်ဆင့်မြှင့် တိုက်ခိုက်နေပြီး စစ်ကူပေးနိုင်သည့်လမ်းကြောင်းများကိုပါ ပိတ်ခဲ့သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ မတ် ၁၆ရက်နေ့က လေကြောင်းပစ်ကူ တောက်လျှောက် ခေါ်ယူခဲ့ကြောင်း သိရသည်။

“မနေ့က မွန်းလွဲ ၃နာရီလောက်မှာ တပ်တော်က ထိုးစစ်မြှင့်ပြီးတိုက်တော့ ခမရ- ၅၃၈ထဲဲမှာ စုခံတိုက်နေတဲ့အဖွဲ့တွေက လေယာဉ်ပစ်ကူခေါ်တယ်လို့ သိရတယ်။ လေယာဉ်ကတော့ နေ့တိုင်းလာပစ်တယ်။ ကြိုတွက်ထားပြီးသားပါ။ သူတို့နေဗီတွေလည်း ကမ်းမကပ်နိုင်ဘူး။ မြစ်ထဲကနေရမ်းပစ်နေရတာ။ မြေပြင်စစ်ကူကိုလည်း ပိတ်ဆို့ထားတော့ လေကြောင်းကပဲ တောက်လျှောက်ပစ်နေတယ်” ဟု AAစစ်ရေးသတင်းရင်းမြစ်နှင့် နီးစပ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ရသေ့တောင်မြို့အခြေစိုက်တပ်ရင်းများဖြစ်သည့် ခမရ -၅၃၆၊ ၅၃၇ နှင့် ၅၃၈ တို့မကျစေရန်အတွက် ကြည်း၊ ရေ၊ လေ ပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန်ခုခံနေသည့်ကြားမှ အဆိုပါစခန်းများကို ရက္ခိုင့်တပ်တော်က အရှိန်အဟုန်မြှင့် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်းသိရသည်။

ထို့ပြင် ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့များရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းအချို့ကိုလည်း ရက္ခိုင့်တပ်တော်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊ ဝိုင်းရံပိတ်ဆို့ထားခြင်း၊ ဖြတ်တောက်ထားခြင်းများကို ပြုလုပ်ထားဆဲဖြစ်ကြောင်း AAက ထုတ်ပြန်သည်။

ပြီးခဲ့သည့် မတ် ၁၃ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် အငူမော်ရှိစစ်ကောင်စီတပ်စခန်းကို AA က ဝင်ရောက်တိုက်ခိုက်ရာတွင် စစ်ကောင်စီ၏ လေကြောင်းမှနေ၍ ပေါင် ၅၀၀ ဗုံးများဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် (AA)က လက်ရှိတွင် ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောရှိ စစ်ကောင်စီတပ်စခန်းများကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ပလက်ဝ၊ ဆမီး၊ ပေါက်တော၊ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ မြို့နယ်တို့ကို ထိန်းချုပ်သိမ်းပိုက်ထားသည်။

ဓာတ်ပုံ-AA Info Desk
#ရသေ့တောင် #ကုန်းလမ်း #ရေလမ်း #AA #ပိတ်ဆို့ #စစ်ကောင်စီ #လေကြောင်းပစ်ကူ #Ayeyarwaddy_Times