ဧရာဝတီတိုင်းမ်
(ကနီ)၊ မတ် ၁၇ ရက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ပြီးခဲ့သည့် မတ် ၂ ရက်မှ မတ် ၁၂ ရက်နေ့အထိ ၁၁ ရက်တာ ကနီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦး သေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်း သိရသည်။

ကနီမြို့ ၁၁ ရက်တာတိုက်ပွဲအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ကနီမြို့ရှိ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဘုရားကုန်း၊ ဆေးရုံ၊ စာသင်ကျောင်းများတွင် တပ်စွဲနေသည့် ခလရ- ၈၇၊ ၈၉၊ ၂၂၂၊ ခမရ-၃၁၃ တပ်ရင်း၊ ဘီလူးစစ်ကြောင်း စသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ စခန်းများ၊ အထိုင်ချရာ နေရာဖြစ်သည့် ဘုရားကုန်း စခန်း တို့ ကို စီးနင်းထားနိုင်ခဲ့သော်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ စစ်ကူအင်အားများပြားမှုများအပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ရိက္ခာ ပြတ်တောက်မှု၊ ခဲယမ်းပြတ်တောက်မှုတို့ကြောင့် မတ် ၁၃ ရက်နေ့ တွင်ပြန်လည်ဆုတ်ခွာ ခဲ့ရကြောင်း သိရသည်။

“ကျွန်တော်တို့ ကျားသစ်နက် တပ်ဖွဲ့ကလည်း တိုက်ပွဲမှာ ၆ ရက်တာ ပါဝင်ဆင်နွှဲခဲ့တယ်။ ဘုရားကုန်းကို ဝင်စီးတော့ ကျားသစ်နက်တပ်ဖွဲ့လည်း ပါဝင်ခဲ့တယ်။နောက်ဆုံး ရိက္ခာပို့တဲ့သူတွေလည်း ရှေ့ရောက်မလာနိုင်တော့ ၂ ရက်တိတိ ရိက္ခာပြတ်ခဲ့တယ်။ နောက်ဆုံး တပ်ကူတွေရောက်မလာတော့ ဘုရားကုန်းကိုကာကွယ်ရင်းနဲ့ပဲ လက်လွှတ်ခဲ့ရတယ်” ဟု ကျားသစ်နက် တပ်မတော် တာဝန်ခံ ကိုဥက္ကာက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကနီမြို့သိမ်းတိုက်ပွဲအတွင်း မြို့ကိုလက်လွှတ်ခဲ့သော်လည်း လက်နက်မျိုးစုံ ၁၁လက်၊ ဗုံးသီး ၅၀ ကျော်၊ ကျည်‌ေတာင့် ၁၃၀၀ ကျော်၊ မီးကျည် ၂၀၊ ရှေ့ထွက်မိုင်း သုံး ခု၊ ကျည်ဘောက် ၂၀ ကျော်နှင့် Jammer(တယ်လီဖုန်းလှိုင်းနှောက်စက်) နှစ်ခု တို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် တိုက်ပွဲအတွင်း တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင် ၁၁ ဦး ကျဆုံးခဲ့ရပြီး ၃၅ ဦးထိခိုက် ဒဏ်ရာရခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ တိုက်ပွဲကို ယင်းမာပင်ခရိုင်ကွပ်ကဲမှုနှင့်အတူ ယင်းမာင်ခရိုင်တပ်ရင်း၁၊၂၊၆၊၉၊၁၇၊၁၈၊၂၁၊၂၂၊၂၃၊၂၅၊၂၇၊၃၀၊၃၂၊ ဆားလင်းကြီးစစ်ကြောင်း၊ Alpha စစ်ကြောင်း၊ ဒရုန်းတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) များ၊ ကနီ၊ယင်းမာပင်၊ဆားလင်းကြီး၊မုံရွာ စသည့် နီးစပ်ရာ တပ်ရင်းများ နှင့် ဒေသကာကွယ်​ရေးတပ်ဖွဲ့ ( LPDF) များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ – လှုမှုကွန်ရက်
#ကနီမြို့သိမ်းတိုက်ပွဲ #လက်နက်ခဲယမ်းသိမ်းဆည်းရမိ #PDFကျဆုံး #Ayeyarwaddy_Times