ဧရာဝတီတိုင်းမ်
မတ် ၁၇ ရက်

စစ်ရှုံးစစ်ကောင်စီက ၎င်းတို့ တပ်အင်အား အရေးပေါ် ဖြည့်တင်းနိုင်ရေးအတွက် အတည်ပြုခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေအရ စစ်မှုထမ်းရန် မဲနှိုက်ရွေးချယ်သူများတွင် ၎င်းတို့တို့ကို ဆန့်ကျင်တော်လှန်ခဲ့၍ ဖမ်းဆိးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်ဟောင်းများ ပါဝင်လာကြောင်း နီးစပ်သူများထံက သိရသည်။

အဆိုပါပြည်သူ့စစ်မှုထမ်း ဥပဒေကို စစ်ကောင်စီက အသက်သွင်းပြီးနောက် ယခုလဆန်းမှစ၍ သန်းခေါင်စာရင်း ကောက်ယူမှုများအား ရန်ကုန်အပါအဝင် ဒေသအချို့တွင် တွင်တွင်ကျယ်ကျယ် ပြုလုပ်လာခဲ့ပြီး ထိုစာရင်းများသည် များမကြာမီ စစ်မှုထမ်းရန် မဲနှိုက်ရွေးချယ်မှုများ ဖြစ်ပေါ်လာကြောင်း သိရသည်။

“အခုလ ၁၃ ရက်မှာပဲ ကျွန်တော်နဲ့ နီးစပ်ရာ သာကေတ ၇ ရပ်ကွက်ဘက်မှာ ည ၆နာရီနဲ့ ၇ နာရီကြားလောက်က တစ်လမ်းကို သုံး ယောက်ဆိုပြီး အိမ်တွေကို စာအသီးသီး ရောက်လာကြတယ်။ မတ် ၁၄ ရက် နေ့လယ် ၁၂ နာရီ အပိုင်ရပ်ကွက်ရုံးသို့ လာပေးပါရန်နှင့်တကွပေါ့ဗျာ။ မိသားစုတွေမှာလည်း ချုံးပွဲချ ငိုတဲ့လူနဲ့၊ အသက်ရှုကျပ်တဲ့လူနဲ့၊ သတိမေ့တဲ့လူတွေနဲ့ ရှုပ်ကုန်ကြတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရန်ကုန်တိုင်းအတွင်း ပြီးခဲ့သည့် မတ် ၁၃ ရက်မှ စတင်ကာ သာကေတ၊ တာမွေ၊ တောင်ဒဂုံ၊ မရမ်းကုန်း၊ မင်္ဂလာတောင်ညွှန့်၊ သင်္ဃန်းကျွန်း၊ လှိုင်၊ ဒလ၊ ‌ဒေါပုံ၊ တိုက်ကြီး၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ စသည့်နေရာများတွင် စစ်ကောင်စီ၏ စစ်မှုထမ်းရန်အတွက် မဲနှိုက်၍ လူခေါ်ယူခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

ထိုသို့ခေါ်ယူရာတွင် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတို့ပေါ် မူတည်၍ ကွာခြားမှုရှိကာ အာဏာသိမ်း ကာလအတွင်း ဖမ်းဆီးခံရ၍ ပြန်လည်လွတ်လာသော လူငယ်လူရွယ်များ၊ တော်လှန်ရေး တပ်ဖွဲ့ဝင်ဟောင်းများ၊ ထောက်ပို့များအပြင် အသက်အရွယ်အားဖြင့် ၂၅ နှစ်မှ ၂၈နှစ်ဝန်းကျင် အများဆုံးပါဝင်နေကြောင်း ရန်ကုန် UG တပ်ဖွဲ့ဝင်ဟောင်း ကို Blaze က ပြောသည်။

“စာရောက်တဲ့ လူငယ်ပဲ ရပ်ကွက်ရုံးထဲ ဝင်ရပြီး ကျန်သူတွေက အပြင်မှာနေခဲ့ရတယ်။ ထူးဆန်းတဲ့ တစ်ချက်က အဲ့လူငယ်တွေ ပြန်ထွက်လာတော့ စစ်မှုထမ်းရတာကို ပျော်တဲ့ပုံစံ စကားအသုံးနှုန်းတွေကို ပြန်မြင်တွေ့ရတာ အံ့ဩမိတယ်။ သူတို့ဘက်မှာ ဆေးတစ်ခုခု မဟုတ်ရင် ခြိမ်းခြောက်အကျပ်ကိုင်မှု သော်လည်းကောင်း တစ်ခုခုရှိနေပြီလို့ ကျွန်တော်မြင်မိတယ်” ဟု ကို Blaze က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် မြို့နယ်အချို့တွင် စစ်မှုထမ်းရန် မဲနှိုက်မည့် လူအရေအတွက်ကို စာရင်းအရင် ထုတ်ပြန်ခဲ့သလို ရပ်ကွက်တစ်ခုလျှင် အကြမ်းအားဖြင့် လူဦးရေ ၂၀၀ ရွေးချယ်၍ အဆိုပါလူစာရင်းထဲမှ မဲပေါက်သူမှာ စစ်မှုထမ်းရမည်ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

ယင်းစစ်မှုထမ်းရန် စာရင်းပါသူများသည် ပြည်တွင်း၌မရှိဘဲ ပြည်ပရောက်နေပါက ပြန်လည်ခေါ်ယူထားရန်နှင့် ပြည်တွင်းခရီး ထွက်နေပါကလည်း မည်သည့်နေရာကိုမှ မစေလွှတ်ရန် စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များက ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့အပြင် ယခုစာရင်းပါသည့် နေ့မှစ၍ ပြည်ပထွက်ခွာခွင့် မရှိတော့ဟု ခြိမ်းခြောက်ပြောဆိုမှုများ၊ သက်ဆိုင်ရာ မိသားစုဝင်များကို အာမခံလက်မှတ် ရေးထိုးခိုင်းခြင်းများအပြင် စစ်မှုမထမ်းလိုပါက ငွေကြေးမည်မျှ ပေးရန်ဆိုပြီး စစ်ကောင်စီနှင့် လက်အောက်ခံ အဖွဲ့များက လုပ်ဆောင်လာကြောင်း မြို့နယ်နေထိုင်သူများက ပြော သည်။

မြန်မာနိုင်ငံတွင် စစ်မှုထမ်းရန် အကျုံး၀င်သူ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၄ သန်းရှိပြီး အပတ်စဉ်တစ်ခုလျှင် ၅၀၀၀ နှုန်းဖြင့် လာမည့်ဧပြီလ သင်္ကြန်အပြီးတွင် စတင်ခေါ်ယူမည်ဖြစ်ကာ လတ်တလောတွင် အမျိုးသားများကို ဦးစားပေး ခေါ်ယူမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာထားသည်။

ပုံစာ- စစ်ကောင်စီ၏ မန္တလေး ပြည်သူ့စစ်သင်တန်း အပတ်စဥ် ၄/၂၀၂၄ (၂၀၂၄ မတ်လ ၈ ရက်နေ့)

#စစ်ကောင်စီ #စစ်မှုထမ်းရန်အတွက် #ဆန့်ကျင် #ဖမ်းဆီးခံရ #ပြန်လည်လွတ်မြောက် #လူငယ်များပါဝင် #Ayeyarwaddy_Times