ဇလပ်ဖြူ/ဧရာဝတီတိုင်းမ်
မတ် ၁၇ရက်

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်မြောက်ပိုင်း ပျဥ်းခုံလေးကျေးရွာသို့ မတ်လ၁၆ရက်နေ့တွင် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက်၁၀နှစ်အရွယ် ကလေးငယ် တစ်ဦးအပါအဝင် အရပ်သား သုံးဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

သေဆုံးသူများမှာ ပျဥ်းခုံလေးကျေးရွာနေ မအိန်ဂျယ်ဗန်ရဲမ်ပွီး(၁၀နှစ်)၊ ဒေါ်ဧဒင်ထားရီး(၃၂) နှစ်)၊ ဒေါ်လားဗမ်ကီးမီး(၆၂နှစ်)တို့ဖြစ်ကာ ထိခိုက်ဒဏ်ရာရသူ ငါးဦးထက်မနည်းရှိနေပြီး နှစ်ဦးမှာစိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်း ဒေသခံများကထံက သိရသည်။

“မြောက်ပိုင်း ကျွန်တော်တို့နေရာကမြို့တွင်း စကစ(စစ်ကောင်စီ) က လက်နက်ကြီးတပ်နဲ့ နီးတော့ မကြာခဏဆိုသလို ပစ်နေတော့တာပဲ။တိုက်ပွဲကလည်း ဖြစ်နေတော့ဘယ်မှ လည်းပြေးမရဘူး” ဟု ပျဥ်းခုံလေးကျေးရွာနေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိကလေးမြို့နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေး ပူးပေါင်းတပ်များသည် မတ်လ ၁၆ရက်နေ့ နံနက်ပိုင်းမှစတင်ကာ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် နှစ်ရက်အတွင်း ကလေးမြို့နယ်မြောက်ပိုင်းရှိ နေအိမ်အချို့ပျက်ဆီးဆုံးရှုံးကာ အရပ်သားသေဆုံးမှု ငါးဦးထက်မနည်းရှိနေကြောင်း သိရသည်။

ပုံ – Zalen Media Group
ပုံစာ – စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် သေဆုံးသွားသည့် ပျဥ်းခုံလေး ကျေးရွာဒေသခံများ
#စစ်ကိုင်းတိုင်း #ကလေးမြို့နယ်မြောက်ပိုင်း #ပျဥ်းခုံလေး #စစ်ကောင်စီ #အရပ်သားသေဆုံး #Ayeyarwaddy_Times-