ဒေါ်လာ၊ ရွှေ၊ စက်သုံးဆီဈေးနှုန်းနှင့် အခြေခံစားသောက်ကုန်ဈေးကွက်
( မတ် ၁ ရက် မှ ၁၆ ရက်နေ့အထိ နှစ်ပတ်အတွင်းဈေးကွက်အခြေအနေ)

ဧရာဝတီတိုင်းမ်
မတ် ၁၇ ရက်

ယခုသီတင်းပတ်တွင် ပြည်တွင်းအကယ်ဒမီအခေါက်ရွှေဈေးနှုန်းသည် တစ်ကျပ်သားကို ကျပ် ၄၁ သိန်းကျော်ထိမြင့်တက်သွားပြီဖြစ်သည်။ ရွှေဈေးနှင့်အတူ အထွေထွေကုန် ဈေးနှုန်းများက လိုက်ပါမြင့်တက်နေသည်။

ရှမ်းမြောက်တွင် “၁၀၂၇ စစ်ဆင်ရေး” ကြောင့် စစ်ရေးပြင်းထန်ခဲ့၍ ပိတ်ထားခဲ့ရသည့် မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် ထဲမှ ဝမ်တိန်ဂိတ်နှင့် ‌ချင်းရွှေ ဟော်ဂိတ်တို့ကို စစ်ကောင်စီ နှင့်သဘောတူညီမှုရကာ MNDAA က ဦးစီး၍ မတ် ၁၁ ရက်နေ့က ပြန်လည် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ထို့ကြောင့် ပြည်တွင်းကုန်စည်စီးဝင်နိုင်မှုအခြေအနေနှင့် စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့နိုင်မည့်အခြေအနေကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

ယခု မတ် ၄ ရက်နေ့မှ ၁၅ ရက်အတွင်း ကုန်သွင်းကုန်လုပ်ငန်းရှင်များကို Online Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁၅ သန်း၊ ထိုင်းဘတ် ၂၇၂ သန်း နှင့် ယွမ် ၇ သန်းတို့ကို ရောင်းချပေးကြောင်း စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည်။

စစ်ကောင်စီ၏ ဈေးနှုန်းထိန်းချုပ်မှုအောက်တွင်ရှိနေသည့် စက်သုံးဆီဈေးနှုန်းက အနည်းငယ်ပြန်သော်လည်း လိုသလောက်ဝယ်ယူရန်ခက်ခဲနေသည်။

#နိုင်ငံခြားငွေလဲလှယ်ဈေးနှုန်း

လက်ရှိအမေရိကန်ဒေါ်လာဈေးကွက်တွင် ဒေါ်လာဈေးအနည်းငယ်တက်လာပြီး ထိုင်းဘတ်နှင့် တရုတ်ယွမ် နိုင်ငံခြားငွေလဲလှယ်နှုန်းထားများလည်း မြင့်တက်နေကြောင်း ဈေးကွက်အတွင်းသိရသည်။

ယခုနှစ်ပတ်အတွင်း အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၃၀ မြင့်တက်နေသည်။

မတ်လ ၁ ရက်နေ့တွင် အမေရိကန်ဒေါ်လာလျှင် ကျပ် ၃၆၃၀ ကျပ်ရှိရာမှ မတ်လ ၁၆ ရက်နေ့တွင် ၃၆၆၀ ကျပ်ဖြစ်ကြောင်း ဈေးကွက်အတွင်းသိရသည်။

” ရွှေဈေးတက်တာကို ရွှေဈေးတက်တော့ ‌ဒေါ်လာဈေးလိုက်တယ် ” ဟု ဒေါ်လာ ရောင်းဝယ်ရေးနှင့် နီးစပ်သူ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့ပြင်တရုတ်ယွမ်ဈေးနှုန်းသည် မတ်လ ၁ ရက်နေ့တွင် တစ်ယွမ်လျှင် ၅၀၀ ကျပ်ရှိရာမှ မတ်လ ၁၆ ရက်နေ့တွင် တစ်ယွမ် ၅၀၅ ကျပ်ဖြစ်ကာ ယွမ်ဈေး အနည်းငယ်မြင့်တက်ကြောင်းသိရသည်။

ထိုင်းဘတ်ငွေလဲနှုန်းထားတွင် မတ်လ ၁ ရက်နေ့တွင် ထိုင်းတစ်ဘတ် ၁၀၀ ကျပ်ရှိပြီး မတ်လ ၁၆ ရက်နေ့တွင် ထိုင်းတစ်ဘတ်လျှင် ကျပ် ၁၀၂ ရှိကြောင်း ဈေးကွက်အတွင်းမှသိရသည်။

#ပြည်တွင်းရွှေဈေးနှုန်း

ကမ္ဘာရွှေဈေးနှုန်းမြင့်တက်ပြီးနောက် ပြည်တွင်းရွှေဈေးလိုက်ပါမြင့်တက်သော်လည်း ကမ္ဘာ့ရွှေဈေးနှုန်းကျချိန်တွင် ပြည်တွင်း‌ရွှေဈေးက အချိန်နှင့်တပြေးညီ လိုက်ပါကျဆင်းခြင်း မရှိပေ။

မတ်လ ၁ ရက်နေ့တွင် အကယ်ဒမီအခေါက်ရွှေဈေး တစ်ကျပ်သားလျှင် ကျပ် ၃၉ သိန်း နှစ်သောင်းရှိရာမှ ၁၆ ရက်နေ့တွင် ကျပ် သိန်း ၄၀ ကျော်သွားဖြစ်ကာ ယခု နှစ်ပတ်အတွင်း ကျပ်တစ်သိန်းကျော်ဈေးတက်လာကြောင်း ရွှေဆိုင်များထံက သိရသည်။

မတ်လ ၁ ရက်နေ့တွင် ကျပ် ၃,၉၂၅,၀၀၀ သိန်းရှိရာမှ မတ်လ ၁၆ ရက်နေ့တွင် ကျပ် ၄,၁၆၇,၀၀၀ သိန်းရှိကြောင်းဈေးကွက်အတွင်းမှသိရသည်။

“အခြားစီးပွားရေးသမားတွေ ရွှေဈေးကွက်ကိုရောက်လာကြတယ်။ ကျပ်သား အလိုက် ဝယ်တာ မဟုတ်ဘဲ ပိသာလိုက်ဝယ်ကျ၊ ရောင်းကျတာဆိုတော့ ရွှေဈေးတက်က အဲဒီလိုအချက်တွေလည်းပါတယ် ” ဟု ရွှေဈေးနှင့်နီးစပ်သူ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပြည်တွင်းရွှေဈေး ကျပ် သိန်း ၄၀ ကျော်သွားသော မတ်လ ၁၂ ရက်နှင့် ၁၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်အသင်း ( YGEA) က နှစ်ကြိမ်တိုင်ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် YGEA သတ်မှတ်ဈေးအတိုင်းရောင်းချရန်၊ ပြည်ပ ဈေးကွက်တွင် ဈေးကစားခြင်းမပြုရန်အပါအဝင် ဈေးကစားသူများကို ဥပဒေ အတိုင်း အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ခြင်းပင်ဖြစ်သည်။

#ပြည်တွင်းစက်သုံးဆီဈေးနှုန်း

လက်ရှိပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ဖေဖော်ဝါရီလထက် မတ်လပိုင်းတွင် ဈေးနှုန်းအနည်းငယ်ကျလာကာ တစ်လီတာ ၁၅ ကျပ်မှ ၅၀ကျပ်သာသာပင်ကျဆင်းခြင်းဖြစ်သည်။

စက်သုံးဆီဈေးအနည်းငယ်ကျပြီးနောက်တွင် ဆီသုံးဆီ ရှားပါးမှုကြုံတွေ့ရကာ တန်းစီးစောင့်ဆိုင်းနေရကြောင်း ရန်ကုန်မြို့ခံယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

” အရင်လတွေကထက် ဆီဈေးကျတယ်။ စက်သုံးဆီဈေးကျပြီဆိုရင် ဆီဆိုင်‌တွေမှာ တစ်ခုမျိုးမဟုတ် တစ်မျိုးကပြတ်တယ်။ မနက်အစောဆီထည့်မှ လိုသလောက်ရတယ်။ နေ့လယ်နဲ့ ညနေပိုင်းဆို ဆီပြတ်သွားပြီ။ ကျတာလည်း ဒီလောက်မဟုတ်ပါဘူး ” ဟု ကိုယ်ပိုင်ယာဉ်မောင်းတစ်ဦးက ဆိုသည်။

မတ်လ ၁၆ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာ ကျပ် ၂၇၃၀ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ကျပ် ၂၈၄၅ ၊ ပရီမီယံဒီဇယ် ၂၄၈၀ ကျပ်နှင့် ဒီဇယ် ၂၄၃၅ ကျပ် ရှိကြောင်းသိရသည်။

မတ်လ ၁ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာ ကျပ် ၂၇၁၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ကျပ် ၂၈၃၅ ၊ ပရီမီယံဒီဇယ် ၂၅၈၅ ကျပ်နှင့် ဒီဇယ် ၂၄၈၅ ကျပ်ရှိကြောင်း စက်သုံးဆီတင်သွင်းသို လှောင်ဖြန်းဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီထုတ်ပြန်ချက်အရသိရသည်။

#အခြေခံစားသောက်ကုန်ဈေးနှုန်း

လက်ရှိအခြေခံစားသောက်ကုန်ဈေးကွက်တွင် ဆန်စပါးဈေးအနည်းငယ်ပြန်ကျလာကြောင်းသိရသည်။ လူသုံးကုန်ပစ္စည်းများဈေးတက်နေဆဲဖြစ်ပြီး စားဖိုဆောင်သီးနှံဈေးမြင့်မှာပင်ရှိကြောင်းသိရသည်။

အမြင့်မှတည်ငြိမ်နေသော ဆန်ဈေးက ယခုရက်ပိုင်းအတွင်း ဆန်တစ်အိတ်လျှင် ကျပ် ၂၀၀၀ မှ ၅၀၀၀ကျပ် ကြားဈေးကျကြောင်း ဆန်လက်လီလက်ကားရောင်းချသူများထံကသိရသည်။

ရွှေဘိုအိုးဝင်အသစ် တစ်အိတ် ၁၆၅,၀၀၀ ကျပ်၊ ကျားပျံအသစ် ၁၄၅,၀၀၀ ကျပ်၊ တောင်ပျံအသစ် ၁၃၅,၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းမွှေးအသစ် ၁၃၀,၀၀၀ ကျပ်၊ ပေါ်ဆန်းရိုးရိုးအသစ် ၁၂၈,၀၀၀ ကျပ်၊ ဇီယာ ကျပ် ၉၀၀၀၀ ရှိကြောင်း ဆန်လက်လီလက္ကားရောင်းချသူထံက သိရသည်။

ထို့ပြင်စားသုံးဆီဈေးနှုန်းတွင် မတ်လ ၁၁ ရက်မှ မတ်လ ၁၇ ရက်နေ့အထိ စစ်ကောင်စီသတ်မှတ်ဈေးအဖြစ် ရန်ကုန်အထိုင်အခြေခံလက်ကားရည် ညွှန်းဈေးနှုန်း စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၅၂၁၅ ကျပ်ဖြစ်ပြီး ယင်းသတ်မှတ်ချက်အတိုင်းရောင်းချရမည်ဖြစ်သည်။

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအပါအဝင် စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီပူး ပေါင်းပြီး စစ်ကောင်စီသတ်မှတ်ဈေးနှုန်းဖြင့် စားအုန်းဆီရောင်းချရာနေရာများတွင်ပြည်သူများတန်းစီးတိုးဝယ်နေရဆဲဖြစ်သည်။

လက်ရှိစားဖိုဆောင်သီးနှံဈေးနှုန်းသည် အမြင့်ဈေးတွင်ရှိနေဆဲဖြစ်သည်။ ကြက်သွန်နီ တစ်ပိဿာ ၃၅၀၀ ကျပ်မှ ကျပ် ၄၀၀၀ ရှိပြီး ကြက်သွန်ဖြူ ( ဗမာဥ)တစ်ပိဿာ ကျပ် ၂၀၀၀၀ ၊ အာလူးတစ်ပိဿာလျှင် ၄၀၀၀ ကျပ်ဖြစ်ကြောင်း ဈေးကွက်အတွင်းစုံစမ်းသိရသည်။

ထို့ပြင်သားငါးဈေးကွက်အတွင်း CP ကြက်ဈေးမြင့်တက်ကာ တစ်ပိဿာ ကျပ် ၁၂၀၀၀ မှ ၁၅၀၀၀ ကျပ်‌ဈေးဖြင့် တစ်လကြာပြီဖြစ်ကြောင်း ဈေးကွက်အတွင်းစုံစမ်းသိရသည်။

(ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့် ရန်ကုန်မြို့အတွင်းရှိစျေးကွက်၊ ညောင်ပင်လေး ဈေးနှင့် လက်လီဈေးကွက်တို့တွင် မတ် ၁ ရက်နေ့မှ မတ် ၁၆ ရက်နေ့အတွင်း ကောက်ယူ ထားခြင်းဖြစ်ပြီး အချိန်နှင့် အမျှဈေးနှုန်း အပြောင်းအလဲ ဖြစ်ပေါ် နိုင်ပါသည်။)

#ဒေါ်လာရွှေစက်သုံးဆီဈေးနှုန်း #အခြေခံစားသောက်ကုန်ဈေးနှုန်း #စျေးကွက်သတင်း #မတ်၁ရက်မှ၁၆အထိ #Ayeyarwaddy_Times