ဧရာဝတီတိုင်းမ်
မတ် ၁၇ ရက်

ဧရာဝတီတိုင်း၊ ချောင်းသာ တွင် ရခိုင်ကမ်းရိုးတန်းနှင့်နီးစပ်သည့်နေရာ၌ ရက္ခိုင်တပ်တော်(AA) အဖွဲ့များရောက်ရှိနေသည်ဟုဆိုကာ ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့ကစတင်ပြီး စစ်ကောင်စီရေတပ်မှ တိုက်ခိုက်ရေး စစ်သင်္ဘောငယ် ငါးစီးဖြင့်ရေကြောင်းကင်လှည့်ကာ လုံခြုံရေး တင်းကျပ်ထားကြောင်း ဒေသခံများထံကသိရသည်။

ချောင်းသာမြို့နယ် ရခိုင်ကမ်းရိုးတန်းနှင့်ထိစပ်သည့်နေရာများဖြစ်သည့် သဲဖြူကျွန်း၊ လိပ်ကျွန်းနှင့်ဂွကျွန်း စသည့်နေရာအနီးတဝိုက်တွင် ပမ္မဝတီရေတပ်မှ ကင်းလှည့်နေခြင်း ဖြစ်သည်။

“ စစ်သင်္ဘောငယ် တွေနဲ့ ကျွန်းအနားမှာ ကျောက်ချပြီး ကင်းစောင့်နေတာတွေ့တယ်။ အချို့သင်္ဘောတွေကဂွဘက်ကို ကမ်းရိုးတန်းတလျှောက်ကင်းလှည့်နေတာနေ့ရောညရောပဲ”ဟု မျက်မြင်တွေ့ရှိခဲ့သည့်သဲဖြူကျွန်းဒေသခံရေလုပ်သားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုသို့ရေကင်းလှည့်ပတ်မှုများမှာ ဧရာဝတီတိုင်း နှင့်ရခိုင်ပြည်နယ် ထိစပ်နေရာသို့ ပြီးခဲ့သည့် မတ်လပထမအပတ်အတွင်း ရက္ခိုင့်တပ်တော်( AA) တပ်ဖွဲ့ဝင်များရောက်ရှိနေသည်ဟုအကြောင်းပြခြင်းဖြစ်ပြီး ရေလုပ်သား အချို့ကို ဖမ်းဆီး၍ စစ်မှုထမ်းရန် ခေါ်ဆောင်လိုသောကြောင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်းတပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

“ တကယ်တမ်းရေကင်းလှည့်တာက တမင်တကာ လုပ်ပြနေတာ။ အဓိကပင်လယ်ထဲရောက်နေတဲ့ ရေလုပ်သားအမျိုးသားတွေကိုပေါ်တာဆွဲချင်လို့ အခုလိုလုပ်နေတာ။သင်္ကြန်မတိုင်ခင် ရသလောက်ဖမ်းဖို့ညွှန်ကြားထားတာလည်းရှိနေတယ်။ အဲတာကြောင့် AAအကြောင်းပြ ပြီး ရေကင်းလိုက်လှည့်နေတာ”ဟု ပမ္မဝတီရေတပ်နှင့်နီးစပ်သည့်တပ်တွင်းသတင်းအရင်းအမြစ်ကဆိုသည်။

အလားတူ ပြီးခဲ့သည့်မတ်လပထမအပတ်အတွင်းက ချောင်းသာ နှင့် ရွှေသောင်ယံတို့တွင် ရခိုင်ကမ်းရိုးတန်းနေရာ၌ ရက္ခိုင်တပ်တော်(AA)တပ်ဖွဲ့ဝင်များရောက်ရှိနေသည်ဟုဆိုကာကျေးရွာအနီးတဝိုက်သို့စစ်ကြောင်းထိုးမှုများရှိခဲ့သည်။

#ရခိုင်ကမ်းရိုးတန်း #ချောင်းသာ #စစ်ကောင်စီရေတပ် #Ayeyarwaddy​_Times