ဇလပ်ဖြူ/ဧရာဝတီတိုင်းမ်
မတ် ၁၇ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြောက်ပိုင်းတွင်မတ်လ ၁၆ရက်နေ့ နံနက် ၃နာရီခန့်မှစတင်ကာ စစ်ကောင်စီနှင့်ကာကွယ်ရေးတပ်ဖွဲ့များကြားတိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။

ကလေးမြို့နယ်မြောက်ပိုင်း မြို့နှင့် ၁၀မိုင်ခန့်ကွာဝေးသည့် ဆည်တော်ဦးရွာ၊ ကျောင်းတိုက်ရွာနှင့် အနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက Mi 35 ရဟတ်ယာဥ်ဖြင့်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့၍နေအိမ်အချို့ ပျက်စီးခဲ့ကြောင်းသိရသည်။

“လက်ရှိကတော့ စစ်ရေးအခြေအနေအရ ဘာမှအများကြီးပြောလို့မရသေးပါဘူး။ မနေ့က မနက် ၈နာရီကနေစပြီး Mi 35 ရဟတ်ယာဥ်နဲ့ ပစ်တယ်။ နှစ်ဦးနှစ်ဖက်အထိအခိုက်တွေလည်းရှိပါတယ်။ အသေးစိပ်တော့မသိရသေးပါဘူး” ဟု ကလေးခရိုင်၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကလေးမြို့ထဲတွင်လည်း Mi 35 ရဟတ်ယာဥ်တစ်စင်းမြို့ပေါ်တွင်ပျံဝဲနေပြီး ပစ်ခတ်သံများလည်း ကြားရကြောင်း ကလေးမြို့နေသူများကပြောသည်။

“မနေ့က မနက် ၈နာရီတစ်ကြိမ် ၉နာရီလောက်မှာလည်း ထပ်ကြားတယ်။ လက်နက်ကြီးသံတွေလည်း ကြားရတယ်။ မနက်အစောကြီး၃နာရီလောက်ကနေတော့ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ တောက်လျှောက်စကြားရတာပဲ” ဟု ကလေးမြို့နေ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီ၏ အမြောက်တပ်မှ နေ၍ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်လျက်ရှိရာ မတ်လ ၁၄ရက်နေ့တွင်လည်း ကလေးမြို့နယ် မြောက်ပိုင်း လက်ပံချောင်းရွာသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦဦးနှင့်အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးသူငယ် တစ်ဦးအပါအဝင် အရပ်သား ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပုံစာ – ကလေးမြို့နယ်မြောက်ပိုင်း စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှု
#စစ်ကိုင်းတိုင်း #ကလေးမြို့နယ်မြောက်ပိုင်း #ဆည်တော်ဦး #ကျောင်းတိုက် #Ayeyarwaddy_Times