
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ မတ် ၁၇ ရက်)
မိုးလေဝသ ရာသီဥတု ကြေညာချက်ကတော့ တစ်ပြည်လုံးတွင် သာယာပါမယ်တဲ့။ အဲ့ဒီလိုသာယာမှုကြီးက မနက်မိုးလင်းကတည်းကနေ နေဝင်သွားတဲ့အချိန်တိုင်အောင် ပူလောင်လွန်းလှပါတယ်။
မြန်မာပြည်ရဲ့ “နွေ” တဲ့လေ။ ပူလိုက်တာ၊ အိုက်လိုက်တာလို့ပဲ သိထားရုံနဲ့မပြီးပါဘူး။ စိုးရိမ်ဖွယ်တစ်ခုက နွေနေပူပူမှာ ခရမ်းလွန်ရောင်ခြည်တွေလည်း အများကြီး ပါဝင်ကြောင်းကိုလည်း သိနားလည်ထားစေချင်ပါတယ်။
နေရောင်ခြည်နှင့်အတူ ပါဝင်လာတဲ့ ခရမ်းလွန်ရောင်ခြည်က လူတွေခန္ဓာကိုယ်နဲ့ ထိတွေ့တဲ့အခါ အကျိုးသက်ရောက်မှုတွေ ဆက်တိုက်ဖြစ်လာပါတော့တယ်။
ခရမ်းလွန်ရောင်ခြည် (ယူဗွီ)ဆိုတာ ဘာလဲ?
နေရောင်ခြည်ဆိုတာမြင်တွေ့ရတဲ့အလင်းအရောင်ဖြစ်ပေမယ့် အတူရောယှက်ပါလာတဲ့ ခရမ်းလွန်ရောင်ခြည်ကိုတော့ ကျွန်တော်တို့လူသားတွေရဲ့သာမန်မျက်လုံးတွေနဲ့ မမြင်နိုင်ပါဘူး။ ခရမ်းလွန်ရောင်ခြည်တွေကနေ ထုတ်လွှတ်လိုက်တဲ့ လိုင်းအလျား တိုတိုနဲ့ စွမ်းအားမြင့်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေ ဖြစ်ပါတယ်။
ခရမ်းလွန်ရောင်ခြည်အမျိုးအစားများ
ခရမ်းလွန်ရောင်ခြည်( Ultra-Violet rays )ကို UV A , UV B , UV C ဆိုပြီး အမျိုးအစားသုံးမျိုးခွဲပါတယ်။
ခရမ်းလွန်ရောင်ခြည် – အေ (UV A) က အရေပြားအတွင်းထိ ထိုးဖောက်ဝင်ရောက်နိုင်ပြီး အိုမင်းရင့်ရော်ခြင်းနဲ့ အရေပြားတွန့်ခြင်း အမဲစက်တွေ ပေါ်လာခြင်းတွေကို ဖြစ်စေတတ်ပါတယ်။
ခရမ်းလွန်ရောင်ခြည် -ဘီ (UV B) ကတော့ အပေါ်ယံကိုပိုထိပြီး အရေပြား နေလောင်စေပြီး အရေပြားကင်ဆာဖြစ်စေနိုင်တဲ့ တရားခံဖြစ်ပါတယ်။
ခရမ်းလွန်ရောင်ခြည် -စီ (UV C) ကိုတော့ ကမ္ဘာမြေရဲ့အိုဇုန်းအလွှာက အကုန်နီးပါး စုပ်ယူလိုက်တာကြောင့် ကျွန်တော်တို့နဲ့ ထိတွေ့နိုင်ဖို့ဆိုတာ အလွန်ပဲ ခက်ခဲပါတယ်။
အိုဇုန်းအလွှာကိုဖြတ်ကျော် မဝင်ရောက်နိုင်တာကြောင့် ကမ္ဘာမြေပေါ် မကျရောက်ဘူး လို့သာ သတ်မှတ်ကြပါတယ်။
ခရမ်းလွန်ရောင်ခြည်ရဲ့ကောင်းကျိုးများ
ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားကို ခရမ်းလွန်ရောင်ခြည် အနည်းငယ် ထိတွေ့မှသာ အလုပ်လုပ်နိုင်တဲ့ ဗိုက်တာမင်-ဒီ (Vitamin D)အဖြစ် ပြောင်းလဲနိုင်ပြီး အရိုးနဲ့သွားတွေ သန်မာဖို့လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
နေရောင်ခြည်နဲ့ထိတွေ့လိုက်တဲ့အခါ စီရိုတိုနင် (Serotonin) လို့ခေါ်တဲ့ အာရုံကြော လှုံ့ဆော်ပစ္စည်းလေးတွေထွက်ပြီး စိတ်အခြေအနေကောင်းမွန်စေပါတယ်။
အရေပြားပေါ်မှာ ဖြစ်တတ်တဲ့ တချို့နှင်းခူအမျိုးအစားတွေ၊ သမင်ဖြူလို ရောဂါတွေက နေရောင်ခြည်ထဲမှာ ပါလာတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့်သာ သက်သာ ပျောက်ကင်းစေတာဖြစ်ပါတယ်။
ခရမ်းလွန်ရောင်ခြည်နဲ့ထိတွေ့တဲ့အခါမှာအရေပြားမှာ ရောင်ခြယ် (Melanin)တွေ ထွက်ပေါ်လာပါတယ်။ ဒီရောင်ခြယ်တွေကပဲအရေပြားကို အရောင်ရင့်စေပြီးတော့ (အသားမဲလာစေပြီးတော့) ခန္ဓာကိုယ်ကိုထိခိုက်ပျက်စီးစေမယ့် ခရမ်းလွန်ရောင်ခြည်တွေ ရန်ကနေ ကာကွယ်တားဆီးပေးပါတယ်။
အရေပြားနှင့်ယူဗွီ
“နေပူထဲသွားတော့ အသားလေးမဲပါမယ်” ဆိုတဲ့ သီချင်းလေးအတိုင်း ခရမ်းလွန်ရောင်ခြည်နဲ့ အသား(အရေပြား)နဲ့ထိတွေ့တဲ့အခါ အရေပြားထိခိုက် ပျက်စီးပါတယ်။ နီစပ်စပ် နေလောင်ကွက်တွေဖြစ်တတ်ပါတယ်။ အရေးကြောင်းတွေ ထပြီးအိုမင်းလွယ်ပါတယ်။ ဆိုဆိုးရွားရွားဖြစ်လာပြီဆိုရင် ရဲရဲနီနီအရေပြား အကွက်ထတာ စပ်ဖျဉ်းကျိန်းစပ်တာ၊ ယားယံတာ၊ အဖုအပိမ့်ထူထူလာတာ၊ အရေကြည်ဖုတွေ ပေါက်လာတာမျိုး ဖြစ်လာတတ်ပါတယ်။
ဒီထက်မက အဆိုးဆုံးတာကတော့(melanoma , SCC , BCC )အရေပြားကင်ဆာတွေ အထိ ဖြစ်တတ်လို့ပါပဲ။
မျက်လုံးနှင့် ခရမ်းလွန်
ခရမ်းလွန်ရောင်ခြည်ကို အချိန်ကြာကြာထိတွေ့ရင် မျက်လုံးထိခိုက်ပျက်စီး သွားနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့တဲ့အခါ အတွင်းတိမ်ရောဂါ မြင်လွှာယိုယွင်းခြင်း တို့လိုအမြင်အာရုံ ထိခိုက်သွားတဲ့ ရောဂါတွေအထိ ဖြစ်လာရပါတယ်။
ကိုယ်ခံအားကို ထိုးနှက်ခြင်း
ခရမ်းလွန်ရောင်ခြည်က လူတွေရဲ့ကိုယ်ခံအားကျဆင်းတတ်တဲ့ သဘာဝကြောင့် ရောဂါပိုးတွေပိုပြီးကူးစက်ခံရတာ ရောဂါကိုပြန်လည်တိုက်ထုတ်ဖို့အားမရှိတော့ တာ တွေ ကြုံရနိုင်ပါတယ်။ DNA ဗီဇပျက်စီးခြင်းလည်း ခရမ်းလွန် ရောင်ခြည် ကြောင့်ဖြစ်နိုင်ပါတယ်။ ဗီဇပျက်စီးပြောင်းလဲသွားရင် ကင်ဆာဖြစ်သွားတတ်ပါတယ်။
ခရမ်းလွန်ရောင်ခြည်ကိုဘယ်လိုကာကွယ်ကြမလဲ
ခရမ်းလွန်ရောင်ခြည်ကို အချိန်ကြာကြာထိတွေ့ခြင်းမှ ရှောင်ဖို့ လိုပါတယ်။ မနက်ဆယ်နာရီမှ ညနေလေးနာရီအတွင်း အရိပ်ရနေရာမှာသာနေပါ။တတ်နိုင်သလောက် တိုက်ရိုက်နေရောင်ခြည်ကို ရှောင်ပါ။
နေပူပူတွင် အပြင်ထွက်ပါက အဝတ်အစားထူထူများကို လုံလုံခြုံခြုံ နေမထိုးနိုင်အောင် ဝတ်ဆင်ပေးပါ။ UV protector အလွှာပါဝင်တဲ့ ထီးများကို သုံးပေးပါ။
အရေပြားကိုကာကွယ်ဖို့ Sun cream လို့ခေါ်တဲ့နေရောင်ခြည်ဒဏ်ခံ လိုးရှင်း အလှဆီတွေ လိမ်းပေးရပါမယ်။ SPF 30 နှင့်အထက် ပါဝင်တဲ့ ဆန်းခရင်တွေကို ရွေးချယ် လိမ်းပေးရပါမယ်။
မျက်စိကိုကာကွယ်ဖို့အတွက် နေကာမျက်မှန်များသုံးပြုနိုင်ပါတယ်။ UV 400 အားရှိတဲ့ မျက်မှန် ဒါမှမဟုတ် 100% UV protection လို့ သတ်မှတ်ထားတဲ့ နေကာ မျက်မှန်တွေကသာ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။
အပူဒဏ်နဲ့နေရောင်ခြည်ထိတွေ့မှု ဒဏ်ကိုခံနိုင်ရည်ရှိစေရန် ရေဓာတ်ပြည့်ဝဖို့ ဂရုစိုက်ပေးပါ။ မိမိရဲ့အသားအရေ တစ်စုံတစ်ရာစိုးရိမ်မှုရှိလာပါက အရေပြား အထူးကုဆရာဝန်နဲ့စနစ်တကျတိုင်ပင် စမ်းသပ်စစ်ဆေးသင့်ပါတယ်။
မြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံးလည်းခရမ်းလွန်ရောင်ခြည်ရဲ့ဆိုးကျိုးများမှလွတ်ကင်းနိုင်ကြပါစေ။
နောက်တစ်ပတ်မှာတော့ ကလေးငယ်များ ခေါင်းတုံးတုံးပေးခြင်း အကြောင်း ကို ဖော်ပြပေးသွားမှာပါ။ Ayeyarwaddy Times ပရိသတ်များအားလုံးလည်း ကျန်းမာကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #နေရောင်ထဲကခရမ်းလွန်ရောင်ခြည် #ဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)