ဧရာဝတီတိုင်းမ်
(ဝေါ)၊ မတ် ၁၆ ရက်

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ကျွန်းရွှေဝါအုပ်စု၊ ငှက်ပျောတပင်သောင် အရှေ့ဘက်ခြမ်းတွင် ပြီးခဲ့သည့် မတ် ၁၃ ရက်နေ့ကတွင် စစ်ကောင်စီက ထောင်ထားခဲ့သည့် နင်းမိုင်း(သို့မဟုတ်)ကြွမိုင်း ပေါက်ကွဲခဲ့မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိပြီး ဆေးရုံသို့ပို့ဆောင်ခဲ့ရသည့် ကလေး နှစ် ဦးအနက် တစ်ဦးမှာ ယမန်နေ့ မတ် ၁၄ ရက်နေ့က သေဆုံးခဲ့ကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရှိသည့်ကလေးငယ် နှစ် ဦးကို ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်သည့်အတွက် အသက် (၅) နှစ်အရွယ် မောင်ကောင်းပြည့်ဖြိုးမှာ ယမန်နေ့က ပဲခူးဆေးရုံတွင် သေဆုံးခဲ့ကြောင်း သိရသည်။

“သေတဲ့ကလေးက ဗိုက်ကနေ မျက်နှာ အထိ အရေပြားပျက်ဆီးပြီး ပေါက်ပြဲဒဏ်ရာ‌တွေနဲ့ ပဲခူးဆေးရုံ မှာ ဆေးကုသမှုခံယူရင်း ဆုံးပါးသွားတာဖြစ်တယ်။ ကျန်ကလေးတယောက်ကတော့ မစိုးရိမ်ရ တော့ဘူးလို့ သိရတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက ငှက်ပျောတပင်သောင်တွင် တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားသည်ဟုဆိုကာ နင်းမိုင်းများကို ထောင်ထားခဲ့ခြင်းဖြစ်ပြီး အဆိုပါ မိုင်းထောင်ထားခဲ့သည့် ဧရိယာအနီးတွင် ကလေးငယ်နှစ်ဦးမှ ဆော့ကစားနေစဉ် နင်းမိုင်းကို ထိမိခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်နေ့က ဘောနတ်ကြီး အခြေစိုက် မစခ-၉၀၁ လက်အောက်ခံ အမတ-၂၀၅ တပ်ရင်းမှဗိုလ်မှူး အဆင့်ရှိသူပါဝင်သည့် စစ်ကြောင်းမှ စစ်ကြောင်းထိုးကာ နင်းမိုင်း(သို့မဟုတ်)ကြွမိုင်းများကို ထောင်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီး သုံး နှစ် တာကာလအတွင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများကြောင့် သေဆုံးသူ ၃၄၃ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၁၈၉ အထိ ဦးရှိပြီး ကလေးငယ်နှင့် အမျိုးသမီး ထိခိုက်သေဆုံးမှု ၇၄၀ ဦးအထိရှိကြောင်း UNICEF အစီရင်ခံစာ အရ သိရသည်။

ပုံစာ – စစ်‌ကောင်စီက မိုင်းထောင်ထားသည့်နေရာ နှင့် မိုင်းကွဲခဲ့သော နေရာ

#ဝေါ #မြေမြှုပ်မိုင်း #ကလေးငယ်သေဆုံး #မိုင်းပေါက်ကွဲ #စစ်ကောင်စီ #မိုင်းထောင် #Ayeyarwaddy_Times